The network connection is lost.

Banner Image

ဘာပေနေရာမှာ အစားထိုးဖို့ ရက်ရှ်ဖို့ဒ်ကို ဆန်ခါတင်စာရင်းထဲမှာ ထည့်သွင်းထားတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီဟာ ရာသီကုန်မှာ အသင်းကနေထွက်ခွာမယ့် တိုက်စစ်မှူး ကီလီယန်အမ်ဘာပေရဲ့နေရာမှာ အစားထိုးဖို့ ကစားသမားရှာဖွေမှုပြုလုပ်နေပြီး ယခုအခု ယူနိုက်တက်တိုက်စစ်မှူး မားကက်ရက်ရှ်ဖို့ဒ်ကိုလည်း ပစ်မှတ်ထဲမှာ ထည့်သွင်းလာခဲ့တာဖြစ်ပါတယ်။
 
လက်ရှိအချိန်မှာတော့ ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်မှာ ပုံစံကောင်းရဖို့ရုန်းကန်‌နေရပြီး ၂၃ ပွဲကစားပြီးချိန်မှာ ၅ ဂိုးသာသွင်းယူထားနိုင်တာဖြစ်ပါတယ်။ ဒါ့အပြင် အသက်-၂၆ နှစ်အရွယ်ကစားသမားဟာ ကွင်းတွင်းမှာသာမက ကွင်းပြင်ပပြဿနာတွေနဲ့ပါ ကြုံတွေ့ထားရတာဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ဇန်နဝါရီလက ရက်ရှ်ဖို့ဒ်ဟာ အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်ကို ပျက်ကွက်ခဲ့တာကြောင့် အသင်းရဲ့စည်းကမ်းကိုချိုးဖောက်သလိုဖြစ်ခဲ့ပြီး ပေါင် ၆ သိန်းခွဲဒဏ်ရိုက်ခံခဲ့ရတာဖြစ်ပါတယ်။ သို့သော်လည်း ကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီကမှ ယူနိုက်တက်နဲ့ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းတန် ၅ နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ရက်ရှ်ဖို့ဒ်ကို ခေါ်ယူမယ်ဆိုရင်တော့ ပီအက်စ်ဂျီအနေနဲ့ ငွေကြေးအမြောက်အမြားသုံးစွဲသွားရဖို့ရှိနေပါတယ်။
 
ပီအက်စ်ဂျီဟာ ရက်ရှ်ဖို့ဒ်အပြင် နာပိုလီတိုက်စစ်မှူး ဗစ်တာအိုဆီမင်ကိုလည်း ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ လက်ရှိမှာ ရက်ရှ်ဖို့ဒ်ထက် ခြေစွမ်းပိုမိုပြသထားနိုင်တဲ့ အိုဆီမင်ဟာ ၂၀၂၀ ခုနှစ်မှာ လိုင်လီကနေ နာပိုလီသို့ ပြောင်းရွှေ့လာပြီးကတည်းက အီတလီကလပ်အတွက် အရေးပါတဲ့ကစားသမားအဖြစ် ရပ်တည်ထားနိုင်တာဖြစ်ပါတယ်။
 
သို့သော်လည်း နိုင်ဂျီးရီးယားလက်ရွေးစင်ကစားသမားဟာ နာပိုလီနဲ့ စာချုပ်သက်တမ်းတိုးမြှင့်ထားပြီး စာချုပ်ဖျက်သိမ်းကြေးမှာ ‌ပေါင် ၁၀၅ သန်းကျော်အထိ တန်ကြေးရှိနေတယ်လို့ သတင်းတွေကဖော်ပြပါတယ်။ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ကလည်း အိုဆီမင်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ချိတ်ဆက်မှုတွေပြုလုပ်နေတဲ့အပြင် ကစားသမားကလည်း မကြာသေးမီက သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
 
အိုဆီမင်က "ကျွန်တော်နဲ့ပရီးမီးယားလိဂ်အသင်းတွေနဲ့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲမှာ ပါဝင်လာပြီလို့ သတ်မှတ်ခံရရင်တော့ ဒီလိုမျိုးဖြစ်လာမယ်လို့မျှော်လင့်ပြီးသားပါ။ ပရီးမီးယားလိဂ်က ကမ္ဘာ့အကြီးကျယ်ဆုံးလိဂ်တစ်ခုပါ။ ကျွန်တော့်ကစားသမားဘဝ နောက်တစ်ဆင့်တက်နိုင်ဖို့ ဆုံးဖြတ်ချက်ချပြီးပါပြီ။ ကျွန်တော့်မှာ အစီအစဉ်ရှိပြီးသားပါ" လို့ပြောကြားခဲ့တာဖြစ်ပါတယ်။