ရူးသွပ်ဖို့ကောင်းပြီး ပြင်းထန်လွန်းတဲ့ပွဲလို့ ဘိုင်ယန်နဲ့ပွဲစဉ်ကို ပီအက်စ်ဂျီခေါင်းဆောင် မာကွင်ဟိုစ် သုံးသပ်
ပြီးခဲ့တဲ့ အင်္ဂါနေ့ (ဧပြီလ ၂၈ ရက်) က ဘိုင်ယန်မြူးနစ်အသင်းကို ၅ ဂိုး ၄ ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်အပြီးမှာ ပီအက်စ်ဂျီအသင်းခေါင်းဆောင် မာကွင်ဟိုစ်က ပွဲအပေါ် သူ့ရဲ့အမြင်ကို ကွက်ကွက်ကွင်းကွင်း သုံးသပ်သွားခဲ့ပါတယ်။
အဲဒီပွဲမှာ အသင်းနှစ်သင်းစလုံးဟာ ပါ့ခ်ဒီပရင်စ် (Parc des Princes) ကွင်းအတွင်းမှာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဆီမီးဖိုင်နယ် တစ်ကျော့တည်းမှာ ဂိုးအများဆုံးသွင်းယူနိုင်တဲ့ စံချိန်သစ်ကို တင်နိုင်ခဲ့တာပါ။
အသက် ၃၁ နှစ်အရွယ် မာကွင်ဟိုစ်ဟာ ပွဲချိန် မိနစ် ၉၀ ပြည့် ပါဝင်ကစားခဲ့ပြီး ပွဲအပြီး သုံးသပ်ချက်မှာတော့ ဒီပွဲရဲ့အခြေအနေကို အကောင်းဆုံး ဖော်ပြသွားခဲ့ပါတယ်။
Amazon Prime နဲ့ အင်တာဗျူးမှာ သူက "ဘောလုံးဝါသနာရှင်တိုင်း ဒီလိုပွဲမျိုးကို သဘောကျကြမှာပါ။ တကယ်ကို ရူးသွပ်ဖို့ကောင်းတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပြီး ကစားဟန်ချင်း တူညီတဲ့အပြင် ပြင်းထန်ပြီး အားမာန်အပြည့်ရှိတဲ့ အသင်းနှစ်သင်း ထိပ်တိုက်တွေ့ခဲ့တာပါ။ အခုလို အနိုင်ရလဒ်နဲ့အတူ ပွဲကို အဆုံးသတ်နိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ တကယ်ပဲ ဝမ်းသာမိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
"ပေးလိုက်ရတဲ့ ဂိုးတွေအတွက် စိတ်ပျက်မိပေမဲ့ ကျွန်တော်တို့မှာ တစ်ဂိုးအသာ ရထားပါသေးတယ်။ ဒုတိယအကျော့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်နေဖို့ လိုပါတယ်။ ကျွန်တော်တို့ သွင်းယူနိုင်ခဲ့တဲ့ ဂိုးတွေရဲ့ အရည်အသွေးအပေါ်မှာတော့ တကယ်ပဲ ကျေနပ်မိပါတယ်"
"နောက်အပတ်မှာလည်း အခုလိုပဲ ရူးသွပ်ဖို့ကောင်းတဲ့ ပွဲမျိုး ထပ်ဖြစ်လာဦးမယ်လို့ ကျွန်တော် ထင်ပါတယ်။ အသင်းနှစ်သင်းစလုံးက ဂိုးတွေထပ်သွင်းချင်ကြမှာပါ။ ကျွန်တော်တို့ဘက်ကလည်း အခုလို ရလဒ်ကောင်းမျိုး ထပ်ရဖို့အတွက် ဒီလို စိတ်ဓာတ်၊ ဒီလို ကိုယ်ပိုင်ဟန်မျိုးနဲ့ပဲ သွားကစားရပါလိမ့်မယ်။ အနိုင်ရဖို့အတွက် အများကြီး ကြိုးစားရဦးမှာပါ။ အခုပွဲက တကယ်ကို ပင်ပန်းစေခဲ့တာကြောင့် အနားယူဖို့လည်း လိုအပ်ပါတယ်" လို့ ၎င်းက ဆိုခဲ့ပါတယ်။