ဆာကာရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး အသိပေးလာတဲ့ အာဆင်နယ်နည်းပြ အာတီတာ
အာဆင်နယ်နည်းပြ မီကယ်အာတီတာက ယနေ့နံနက် ဘိုင်ယန်မြူးနစ်နဲ့ ၂ - ၂ ဂိုး သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပွဲစပြီး မကြာခင်မှာတင် လူစားလဲခံခဲ့ရတဲ့ ဘူကာယိုဆာကာရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး အသိပေးပြောကြားခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ် ကစားသမားက အလီယန့်ဇ်အရီနာကွင်းမှာ ပွဲစပြီး ဆယ်မိနစ်အကြာမှာတင် ဘယ်သူနဲ့မှ ထိခိုက်တိုက်ခိုက်မှု မရှိဘဲ ကြွက်သားဒဏ်ရာကြောင့် လဲကျသွားခဲ့ပြီးနောက် လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။
ဆာကာရဲ့နေရာမှာ ဝင်လာတဲ့ အီဇီက လူစားဝင်လာပြီး ၁၅ မိနစ်အကြာမှာတင် အာဆင်နယ်အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ပွဲအပြီး TNT Sports နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အာတီတာက သူ့အသင်းရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့သလို ဆာကာရဲ့ အခြေအနေကိုလည်း အကျဉ်းချုပ် ပြောပြခဲ့ပါတယ်။
အာတီတာက"ဒီပွဲက ကျွန်တော်တို့ ကစားခဲ့ဖူးသမျှထဲမှာ အဆင့်အမြင့်ဆုံး ပွဲတွေထဲက တစ်ပွဲပါပဲ။ အသင်းနှစ်သင်းစလုံး တစ်သင်းနဲ့တစ်သင်း ဖိအားပေးချင်ကြတယ်၊ တိုက်စစ်ဆင်ချင်ကြတယ်၊ အနိုင်ကစားချင်ကြပါတယ်။ တကယ်စိတ်ဝင်စားစရာ ကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။
ကျွန်တော်တို့ ပွဲစတာ အရမ်းကောင်းခဲ့ပြီး အပြတ်အသတ် အသာစီးရခဲ့ပါတယ်။ အဲဒီနောက် ဆာကာ မပါဘဲနဲ့ အခြေအနေကို အသားကျအောင် ပြန်ညှိခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ ပွဲက အနည်းငယ် မျှသွားခဲ့ပြီး သူတို့ဂိုးတွေ သွင်းယူသွားခဲ့တာကြောင့် ကျွန်တော်တို့ ပြန်လည်တုံ့ပြန်ခဲ့ရပါတယ်၊ အဲ့ဒီလိုလည်း ကျွန်တော်တို့ လုပ်ပြနိုင်ခဲ့ပါတယ်။
ကျွန်တော်တို့ ချေပဂိုး ပြန်သွင်းနိုင်ခဲ့သလို ပွဲကို အနိုင်ယူဖို့ အခွင့်အရေးတောင် ရခဲ့ပါသေးတယ်။ ဒါက အဆင့်တစ်ခုပါပဲ"လို့ ပြောခဲ့ပါတယ်။
ဆာကာရဲ့ ဒဏ်ရာနဲ့ ပတ်သက်ပြီး အာတီတာက "ဆေးအဖွဲ့က အနည်းငယ် စိုးရိမ်နေကြပါတယ်။ ပြင်းထန်တဲ့ နာကျင်မှုကြောင့် ကွင်းထဲကနေ ထွက်သွားရတဲ့ ကစားသမားတစ်ယောက်ရဲ့ အခြေအနေက ဘယ်တော့မှ သတင်းကောင်း မဖြစ်နိုင်ပါဘူး၊ ဒါပေမဲ့ ဘာတွေဖြစ်မလဲဆိုတာကိုတော့ စောင့်ကြည့်သွားရပါလိမ့်မယ်" လို့ ဆိုပါတယ်။