The network connection is lost.

Banner Image

အာဆင်နယ်နဲ့ သရေကျခဲ့တဲ့ရလဒ်က မျှတတယ်လို့ ဟယ်ရီကိန်း ဝန်ခံပြောကြား

ဘိုင်ယန်မြူးနစ် ထိပ်တန်းကြယ်ပွင့် ဟယ်ရီကိန်းက ယနေ့နံနက် အာဆင်နယ်နဲ့ ၂ - ၂ ဂိုး သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ရလဒ်က မျှတတဲ့ရလဒ်တစ်ခု ဖြစ်တယ်လို့  ဝန်ခံပြောဆိုလိုက်ပါတယ်။

ပွဲချိန် ၂၅ မိနစ်မှာ အီဘီရီချီ အီဇီက အာဆင်နယ်အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမဲ့ သိပ်မကြာခင်မှာပဲ အယ်လ်ဖွန်ဆိုဒေဗီးစ်က ပြန်လည်ချေပပေးခဲ့ပါတယ်။

အဲဒီနောက် ကိန်းက ပင်နယ်တီကနေ အိမ်ရှင်အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမဲ့ ပွဲပြီးခါနီးမှာတော့ ဒီကလန်ရိုက်စ်ရဲ့ ချေပဂိုးကြောင့် တစ်မှတ်စီ ခွဲဝေယူခဲ့ကြရတာ ဖြစ်ပါတယ်။

ပွဲအပြီး ယူအီးအက်ဖ်အေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ကိန်းက သရေကျတာက မျှတတဲ့ ရလဒ်တစ်ခု ဖြစ်နိုင်တယ်လို့ ဝန်ခံခဲ့သလို ဘော်လွန်းဒီအော်ဆု ရနိုင်မယ့် အခွင့်အရေးနဲ့ ပတ်သက်ပြီးလည်း ပြောကြားခဲ့ပါတယ်။

ကိန်းက"ကျွန်တော့်အမြင်အရတော့ ဒါက ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တစ်ခုပါပဲ။ ခြုံပြီးကြည့်ရင်တော့ သရေရလဒ်က မျှတတဲ့ ရလဒ်တစ်ခု ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီညမှာ အနိုင်ရလဒ် ရရှိဖို့အတွက် လုံလောက်တဲ့ အမှားကင်းမှုမျိုး မရှိခဲ့တာ ဖြစ်နိုင်ပါတယ်" 

"ပွဲထဲကို ပြန်ရောက်လာစေဖို့အတွက် ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့တာက ဝမ်းသာစရာဖြစ်သလို ကောင်းမွန်တဲ့ အခိုက်အတန့်တချို့ကိုလည်း ကျွန်တော်တို့ ဖန်တီးနိုင်ခဲ့တယ်လို့ ထင်ပါတယ်၊ ဒါပေမဲ့ မိနစ် ၉၀ အတွက်တော့ လုံလောက်မှု မရှိခဲ့ပါဘူး"လို့ ပြောခဲ့ပါတယ်။

လာမယ့် တနင်္လာနေ့မှာ ချီးမြှင့်မယ့် ဘာလွန်းဒီအောဆုနဲ့ ပတ်သက်ပြီး ကိန်းက "ဆုရခဲ့မယ်ဆိုရင်တော့ တကယ်အံ့ဩစရာ ကောင်းပါလိမ့်မယ်။ မဲပေးမှုတွေက လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက ပိတ်သွားခဲ့ပြီဖြစ်တာကြောင့် ကျွန်တော့်ဘက်က ဘာမှ လုပ်လို့မရတော့ပါဘူး၊ ဘာတွေဖြစ်လာမလဲဆိုတာကိုပဲ စောင့်ကြည့်သွားရပါလိမ့်မယ်" လို့ ဆိုခဲ့ပါတယ်