ဘိုင်ယန်မြူးနစ်နဲ့ သရေပွဲအပြီး ဘော်လွန်းဒီအောဆုအတွက် ဟယ်ရီကိန်းကို ထောက်ခံပေးလိုက်တဲ့ ဒီကလန်ရိုက်စ်
အာဆင်နယ် ကွင်းလယ်လူ ဒီကလန်ရိုက်စ်က ယနေ့နံနက် ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ၂ ဂိုးစီ သရေကျခဲ့ပြီးနောက် အင်္ဂလန် အသင်းဖော် ဟယ်ရီကိန်းကို ဘော်လွန်းဒီအော်ဆု ရရှိဖို့ ထောက်ခံပေးလိုက်ပါတယ်။
အလီယန့်ဇ် အရီနာကွင်းမှာ အကြိတ်အနယ် ကစားခဲ့ရတဲ့ ဒီပွဲမှာ ကစားသမား နှစ်ဦးစလုံး ဂိုးသွင်းယူနိုင်ခဲ့ကြပါတယ်။ အယ်လ်ဖွန်ဆို ဒေဗီးစ်ရဲ့ ချေပဂိုးအတွက် ကိန်းက ဖန်တီးပေးခဲ့သလို ပွဲချိန် ၆၁ မိနစ်မှာတော့ ဘိုင်ယန်အတွက် ဦးဆောင်ဂိုးကို ပင်နယ်တီကနေ သွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက် ပွဲချိန် ၈၂ မိနစ်မှာတော့ ရိုက်စ်က အာဆင်နယ်အတွက် ချေပဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ကိန်းက ဒီနှစ်ရာသီ ၁၁ ပွဲ ကစားထားပြီး ၁၀ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်ထားပါတယ်။
ပွဲအပြီး TNT Sports နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ရိုက်စ်က ကိန်းကို ချီးကျူးပြောဆိုခဲ့ပြီး ဘောလုံးလောကရဲ့ ဂုဏ်သိက္ခာ အကြီးမားဆုံးဆုကို ရရှိဖို့ ထိုက်တန်တယ်လို့ ပြောကြားခဲ့ပါတယ်။
ရိုက်စ်က"ကိန်းက ဘော်လွန်းဒီအော်ဆုနဲ့ အထိုက်တန်ဆုံးသူပါပဲ။ သူ့ရဲ့ ကိန်းဂဏန်း အချက်အလက်တွေက သူ့အတွက် သက်သေပြနေသလို သူ ဖြတ်သန်းခဲ့ရတဲ့ တစ်နှစ်တာကလည်း တကယ်ကို အံ့အားသင့်ရာ ကောင်းလှပါတယ်။ သူ့နဲ့အတူ တွဲကစားတဲ့အခါ သူ ဘယ်လောက်ကောင်းသလဲဆိုတာ ခံစားရသလို၊ သူ့ကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ကစားရတဲ့အခါမှာတော့ သူက ဘယ်လောက်တောင် ဒုက္ခပေးနိုင်သလဲဆိုတာ မြင်တွေ့ရမှာပါ"
"သူက မယုံနိုင်စရာ ကောင်းလောက်အောင် တော်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး သူ့နဲ့အတူ တွဲကစားခွင့်ရတာ ကျွန်တော့်အတွက် ကံကောင်းပေမဲ့ သူ့ကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရတာကတော့ ကံမကောင်းလှပါဘူး" လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် ရိုက်စ်က ပွဲပြီးခါနီး အာဆင်နယ်အတွက် ချေပဂိုး သွင်းယူနိုင်ခဲ့ပုံကိုလည်း ရှင်းပြခဲ့ပါတယ်။
ရိုက်စ်က "ကွင်းလုံးပြည့် တစ်ယောက်ချင်း ကပ်ကစားတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အချို့သော နည်းလမ်းတွေကို အသုံးချရပါတယ်။ သူတို့က ကွင်းအနှံ့ ကိုယ့်နောက်ကို လိုက်နေကြပေမဲ့ ကျွန်တော့်ရဲ့ လူကပ်ကစားသူကို လှည့်စားပြီး ဆက်တိုက် ပြေးခဲ့တာကြောင့် ကပ်ထားတဲ့သူ ပျောက်သွားပြီး ဂိုးပေါက်ရှေ့ဆီ ကျွန်တော် ရောက်သွားခဲ့တာပါ"
"အရမ်း ပျော်ပါတယ်။ ယောကရက်စ်က လူစားဝင်လာပြီးနောက် အသင်းအပေါ် အများကြီး အကျိုးသက်ရောက်မှု ရှိစေခဲ့ပါတယ်။ ဒီညမှာ သူက ကောင်းမွန်တဲ့ ပြေးထွက်မှုတချို့ လုပ်ပြခဲ့သလို ကျွန်တော့်အတွက် ဂိုးရအောင်လည်း ဖန်တီးပေးခဲ့ပါတယ်"
"ဒါ နည်းပြက ကျွန်တော်တို့ကို သေချာလေ့ကျင့် သင်ကြားပေးထားတဲ့ အရာပါပဲ။ ကျွန်တော်တို့အနေနဲ့ ဒီကိုလာတာ အသာတကြည် ကစားဖို့သက်သက် မဟုတ်ပါဘူး။ သူတို့ရဲ့ အိမ်ကွင်းမှာဆိုရင် ဘိုင်ယန်က ဥရောပရဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်တာကြောင့် ဒီညမှာ ဒီကိုလာပြီး ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို အခုလို ပြသနိုင်ခဲ့တာက တကယ်ကို ကောင်းပါတယ်။ ကျွန်တော်တို့ ရှေ့ဆက်သွားရပါမယ်" လို့ ပြောပြခဲ့ပါတယ်။