ဘရာဇီးနဲ့ပွဲမှာပါဝင်ဖို့ အမ်ဘာပေ ကြံ့ခိုင်မှုပြည့်၀နေကြောင်း ဒက်စ်ချမ့်အတည်ပြု
ပြင်သစ်နည်းပြ ဒီဒီယာဒက်စ်ချမ့်က တိုက်စစ်မှူး ကီလီယန်အမ်ဘာပေဟာ ဘရာဇီးနဲ့ ကစားမယ့် ခြေစမ်းပွဲစဉ်မှာ ပွဲထွက်ပါဝင်ဖို့ ကြံ့ခိုင်မှုပြည့်၀နေကြောင်း အတည်ပြုပြောကြားလိုက်ပါတယ်။
အမ်ဘာပေရဲ့ ကြံ့ခိုင်မှုအခြေအနေဟာ မကြာသေးခင် သီတင်းပတ်တွေအတွင်း စိုးရိမ်စရာဖြစ်နေခဲ့ပြီး ဒူးဒဏ်ရာကြောင့် ပွဲစဉ် ၅ ပွဲ လွဲချော်ခဲ့ရပါတယ်။ ဒါပေမဲ့ မန်စီးတီးနဲ့ ချန်ပီယံလိဂ်ပွဲစဉ်၊ အက်သလက်တီကိုနဲ့ လာလီဂါပွဲစဉ်တွေမှာ လူစားဝင်ကစားခဲ့ပြီးနောက် ပြင်သစ်အသင်းရဲ့ ခြေစမ်းပွဲစဉ်တွေမှာ ပါဝင်ဖို့အသင့်ဖြစ်နေပါတယ်။
အမ်ဘာပေက ပြီးခဲ့တဲ့နှစ် ကလပ်ကမ္ဘာ့ဖလားအပြီး ပွဲစဉ် ၃၅ ပွဲမှာ ၃၈ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြနေတာကြောင့် ယနေ့ညပွဲစဉ်မှာ ကြံ့ခိုင်မှုအပြည့်အဝရှိဖို့ လိုအပ်နေပါတယ်။
ဒက်စ်ချမ့်က"သူ ပွဲစကတည်းက ကစားနိုင်ပါတယ်၊ ဒါပေမဲ့ တစ်ပွဲလုံးတော့ ကစားနိုင်မှာမဟုတ်ပါဘူး။ တခြားကစားသမား ၂၄ ဦးလိုပဲ သူလည်း လူစားဝင်ကစားနိုင်ပါတယ်။ သူက စဉ်းစားရမယ့် အစီအစဉ်ထဲမှာ ပါပါတယ်။ ကစားသမားတစ်ဦးချင်းစီရဲ့ အခြေအနေက ထူးခြားပါတယ်။ ကျွန်တော်တို့မှာ လူစားလဲခွင့် ၆ ကြိမ်ရှိတာကလည်း ကောင်းပါတယ်။ နှစ်သင်းစလုံးမှာ လွဲချော်မယ့်ကစားသမားတွေ ရှိနေပါတယ်။
ရည်မှန်းချက်ကတော့ အနိုင်ရဖို့နဲ့ ကစားသမားတွေကို အန္တရာယ်မဖြစ်စေဖို့ပါပဲ။ သူတို့က ကလပ်အသင်းတွေနဲ့အတူ ရာသီရဲ့ အဆုံးသတ်မှာ အရေးကြီးတဲ့ပွဲစဉ်တွေကို ကစားရဦးမှာဖြစ်ပါတယ်" လို့ ပြောပါတယ်။
အမ်ဘာပေကလည်း သတင်းစာရှင်းလင်းပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဆေးဘက်ဆိုင်ရာအမှားဆိုတဲ့ ကောလာဟလတွေကို ငြင်းပယ်ခဲ့ပါတယ်။ ဒီဇင်ဘာလတုန်းက ရီးရဲလ်မက်ဒရစ်အသင်းဟာ အမ်ဘာပေရဲ့ဒဏ်ရာကို မှားယွင်းစစ်ဆေးခဲ့ပြီး မှားယွင်းတဲ့ ကုသမှုတွေပေးခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်
အမ်ဘာပေက"ရီးရဲလ်က ဒူးကို မှားယွင်းစစ်ဆေးခဲ့တယ်ဆိုတဲ့ သတင်းအချက်အလက်က မမှန်ကန်ပါဘူး။ ဒီအခြေအနေနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ တာဝန်အနည်းငယ်ရှိနိုင်ပါတယ်။ ခင်ဗျားတို့ဘာဖြစ်နေလဲဆိုတာကို ပွင့်ပွင့်လင်းလင်း မပြောပြတဲ့အခါ လူတိုင်းက အခြေအနေကို အခွင့်ကောင်းယူပြီး ထင်ကြေးပေးကြတာပါ။ ကျွန်တော်တို့က ရီးရဲလ်မက်ဒရစ်နဲ့ အမြဲတမ်း ရှင်းလင်းတဲ့ ဆက်သွယ်မှု ရှိခဲ့ပါတယ်။
ကျွန်တော်တို့ ဒီနှစ်ရာသီရဲ့ အရေးကြီးတဲ့ အချိန်ကို ရောက်နေပါတယ်။ ကျွန်တော်မရှိချိန်မှာ အသင်းက ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ကျွန်တော် ဒဏ်ရာရတဲ့အခါ ကျွန်တော်ပဲ အဖြေဖြစ်မယ်လို့ လူတွေထင်ခဲ့ကြပေမဲ့ အဲဒီလိုမဟုတ်ပါဘူး။ အရေးကြီးတာက အသင်းပါပဲ" လို့ ရှင်းပြခဲ့ပါတယ်။