မန်စီးတီးနဲ့ပွဲစဉ်မှာ ပြန်ပါဝင်ကစားမယ့် ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် အမ်ဘာပေ
အင်္ဂါနေ့၊ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က မန်စီးတီးကို ကျော်ဖြတ်နိုင်ဖို့ လိုအပ်ပြီး အဲဒီပွဲစဉ်မှာ ဒဏ်ရာမှပြန်သက်သာလာတဲ့ အမ်ဘာပေလည်း ပါဝင်ကစားဖို့ အဆင့်သင့်ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်၊ မက်ဒရစ်မြေမှာကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်အတွင်း ရီးရဲလ်မက်ဒရစ်က မန်စီးတီးကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပေမဲ့ အမ်ဘာပေကတော့ ဒူးဒဏ်ရာကြောင့် အဲ့ဒီပွဲစဉ်နဲ့ လွဲချော်ခဲ့ပါတယ်။
ဒါပေမဲ့ အသင်းအတွက် အခုရာသီ၊ ၃၃ ပွဲကစား၊ ၃၈ ဂိုးအထိ သွင်းယူပေးထားတဲ့ ပြင်သစ်တိုက်စစ်မှူးက အီတီဟတ်ကွင်းပွဲစဉ်မှာတော့ ပြန်လည်ပါဝင်ကစားဖို့ ရှိနေပါတယ်။
“အမ်ဘာပေပါဝင်ကစားဖို့ အသင့်ပါပဲ” လို့ ရီးရဲလ်မက်ဒရစ်နည်းပြအာဘီလိုအာက တနင်္လာနေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ “သူ့ကို ကွင်းထဲမှာ ပြန်မြင်ရဖို့၊ သူကစားတာကို ကြည့်ရဖို့နဲ့ သူသွင်းတဲ့ဂိုးတွေကို မြင်တွေ့ရဖို့ ကျွန်တော် မစောင့်နိုင်တော့ပါဘူး။ သူက အသင်းအတွက် တကယ်ကို အရေးပါပါတယ်။” လို့လည်း ၎င်းက ဆိုပါတယ်။
အင်္ဂလန်ကွင်းလယ်လူဘယ်လင်ဟမ်လည်း ပေါင်နောက်ကြောဒဏ်ရာမှ ပြန်လည်သက်သာလာအောင် ကြိုးစားနေပြီး မန်စီးတီးနဲ့ပွဲစဉ်အတွက် အသင်းနဲ့အတူ လိုက်ပါလာပေမဲ့ ပါဝင်ကစားဖို့တော့ မဖြစ်နိုင်ပါဘူး။
“ဘယ်လင်ဟမ်က သူ့အသင်းဖော်တွေနဲ့အတူ လိုက်လာချင်ခဲ့ပါတယ်။ သူ အသင်းနဲ့ နီးနီးကပ်ကပ်ရှိနေတာကို မြင်ရလို့ ကျွန်တော် အရမ်းဝမ်းသာပါတယ်။ အသင်းဆွေးနွေးပွဲတွေမှာရော၊ ပွဲနားချိန်တွေမှာပါ အသင်းဖော်တွေနဲ့အတူ ရှိနေပေးတယ်ဆိုတာ အရေးကြီးပါတယ်။ သူက အမြဲတမ်း ခေါင်းဆောင်ကောင်းတစ်ဦးလိုပါပဲ” လို့ အာဘီလိုအာက ပြောပါတယ်။