ဟယ်ရီကိန်းရဲ့မှတ်ချက်တွေအပေါ် ဝေဖန်ပြောဆိုလိုက်တဲ့ ရွန်းနီ
မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ဝိန်းရွန်းနီဟာ ပီအက်စ်ဂျီအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်း ပြောကြားခဲ့တဲ့ မှတ်ချက်တွေအပေါ် ဝေဖန်ပြောဆိုလိုက်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ပါရီမှာကစားခဲ့တဲ့ ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ၅ ဂိုး ၄ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ ဟယ်ရီကိန်းကတော့ သူတို့အသင်းရဲ့ ခံစစ်ကစားပုံ ကောင်းမွန်ခဲ့တယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ရွန်းနီက သဘောမတူဘဲ အခုလို တုံ့ပြန်ခဲ့ပါတယ်။ "နားထောင်ကြည့်ပါ၊ ကျွန်တော် ဟယ်ရီကိန်းကို ချစ်ပါတယ်၊ ဒါပေမဲ့ သူက သူ့ရဲ့ ခံစစ်ကစားသမားတွေကို အခုလိုမျိုး ချီးကျူးနေဖို့တော့ လုံးဝမဖြစ်နိုင်ပါဘူး။"
"သူတို့တွေက သူ့ရဲ့အသင်းဖော်တွေ ဖြစ်နေတာကြောင့် နောက်အပတ်ပွဲစဉ်အတွက် ယုံကြည်မှုတိုးလာအောင် သူ ကြိုးစားပေးနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒီညမှာ အသင်းနှစ်သင်းလုံးရဲ့ ခံစစ်ကစားပုံက တကယ်ကို ဆိုးရွားခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဒါကြောင့် ဟယ်ရီကိန်းက ခံစစ်ပိုင်းကို အားနာပြီး လျှော့ပြောပေးနေတာလို့ပဲ မြင်ပါတယ်။"
ဟယ်ရီကိန်းကတော့ အခုလို ပြောကြားခဲ့တာပါ။ "ကြည့်ပါ၊ ဒီပွဲမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ၊ အကောင်းဆုံး တိုက်စစ်မှူးတွေနဲ့ အကောင်းဆုံး ခံစစ်ကစားသမားတွေ ရင်ဆိုင်ကစားခဲ့ကြတာပါ။ ဒီနေ့ ပွဲမှာ အသင်းနှစ်သင်းလုံးက ပြသခဲ့သလိုမျိုး တစ်ခါတလေမှာ တိုက်စစ်မှူးတွေက အသာစီးရပြီး သူတို့ရဲ့ အရည်အသွေးကို ပြသသွားနိုင်တာမျိုး ရှိတတ်ပါတယ်။"
"တကယ်တမ်း ပြန်ကြည့်မယ်ဆိုရင် ဗဟိုခံစစ်မှူးတွေဟာ ကွင်းလယ်အထိ တက်ကစားရတာ၊ တစ်ခါတလေ တိုက်စစ်ဆင်ရတာနဲ့ တောင်ပံကစားသမားတွေကို လိုက်ပိတ်ရတာမျိုးတွေအထိ လုပ်ဆောင်ခဲ့ရပါတယ်။ ဒါဟာ တကယ်ကို ခက်ခဲတဲ့အလုပ်ဖြစ်လို့ သူတို့ကို ချီးကျူးရမှာပါ၊ ဒီနေ့ပွဲမှာ သူတို့ရဲ့ ကစားပုံက တကယ်ကို ပြောင်မြောက်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။" လို့ ဆိုခဲ့ပါတယ်။