ပီအက်စ်ဂျီမှထွက်ခွာလာပြီးနှစ်နှစ်ကြာမြင့်ချိန် လူးဝစ်အင်းနရစ်နဲ့ပတ်သက်လို့ အမြင်ကို ထုတ်ဖော်ပြောကြားလာတဲ့ အမ်ဘာပေ
အမ်ဘာပေက ပီအက်စ်ဂျီနဲ့အတူ သူ့ရဲ့နောက်ဆုံးဘောလုံးရာသီမှာ ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေအကြောင်းနဲ့ နည်းပြလူးဝစ်အင်းနရစ်အပေါ်ထားရှိတဲ့ သူ့ရဲ့ ခံစားချက်တွေကို ပြန်လည်ဝေမျှခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဆီမပြောင်းရွှေ့ခင် ပီအက်စ်ဂျီမှာ ခုနစ်နှစ်ကြာဖြတ်သန်းခဲ့တဲ့ ကမ္ဘာ့ဖလားဆုရှင်က အသင်းမှထွက်ခွာခဲ့မှုကြောင့် သူ့ရဲ့ ဘောလုံးသမားဘဝ တိုးတက်မှုကို ပုံဖော်ပေးနိုင်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
ချူအာမန်နီ၊ ဟာကီမီတို့နဲ့အတူ တင်ဆက်တဲ့ "The Bridge" ပေါ့ဒ်ကတ်စ်အစီအစဉ်မှာ အမ်ဘာပေက လက်ရှိပီအက်စ်ဂျီနည်းပြနဲ့ သူ့အကြားက ဆက်ဆံရေးအကြောင်း အခုလိုပြောပြခဲ့ပါတယ်။
"လူးဝစ်အင်းနရစ်က တကယ့်ကိုထူးချွန်တဲ့ နည်းပြတစ်ဦးပါ၊ သူ့ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောတတ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ သူနဲ့အတူ ဖြတ်သန်းခဲ့တဲ့ ကျွန်တော့်ရဲ့နောက်ဆုံးနှစ်က အတက်အကျတွေ အရမ်းများခဲ့တော့ သူ့ဆီမှ ပညာတွေ အပြည့်အဝမသင်ယူနိုင်ခဲ့ပါဘူး" လို့ အမ်ဘာပေက ဆိုပါတယ်။
ဆက်လက်ပြီး ၎င်းက "ပထမဆုံးလမှာ ကျွန်တော်က အသင်းနဲ့အတူ မရှိဘဲ ချန်လှပ်ခံထားရပါတယ်။ ဒါကြောင့် အသင်းဆီ ပြန်ရောက်လာတဲ့အခါမှာလည်း ကိုယ့်ခေါင်းပေါ်မှာ ဓားတစ်လက် အမြဲတမ်း မိုးထားသလိုမျိုး၊ ဘယ်အချိန်မှာ ခေါင်းဖြတ်ခံရမလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့ နေခဲ့ရပြီး တစ်ချိန်ချိန်မှာ နောက်တစ်ကြိမ် ထွက်ခွာရနိုင်တယ်လို့ပဲ ကိုယ့်ကိုယ်ကိုယ် တွေးခဲ့မိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။