ပီအက်စ်ဂျီနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ စံချိန်သစ်နှစ်ခုကို ချိုးဖျက်လိုက်တဲ့ ဘိုင်ယန်မြူးနစ်ကြယ်ပွင့် ဟယ်ရီကိန်း
ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ အင်္ဂါနေ့ (ဧပြီလ ၂၈ ရက်) က ကစားခဲ့တဲ့ ပီအက်စ်ဂျီနဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ချန်ပီယံလိဂ်ပွဲစဉ်ရဲ့ ပထမပိုင်းမှာတင် စံချိန်နှစ်ခုကို ချိုးဖျက်နိုင်ခဲ့ပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ လူဝစ်ဒီယက်ဇ်အပေါ် ပြစ်ဒဏ်ဘောကျူးလွန်မှုကနေ ရရှိလာတဲ့ ပင်နယ်တီကို ပွဲချိန် ၁၇ မိနစ်မှာ အပိုင်ကန်သွင်းပြီး ဧည့်သည်အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာပါ။
ဒီဂိုးဟာ ဟယ်ရီကိန်းအတွက် သူ့ရဲ့ကစားသမားဘဝမှာ ပထမဆုံးအကြိမ်အဖြစ် တစ်ရာသီအတွင်း ဂိုးပါဝင်ပတ်သက်မှု ၆၀ အထိ ရောက်ရှိသွားစေခဲ့ပြီး ၅၄ ဂိုးသွင်း၊ ၆ ဂိုးဖန်တီးပေးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ဒုတိယပိုင်းမှာလည်း လူဝစ်ဒီယက်ဇ်အတွက် အံ့အားသင့်စရာကောင်းတဲ့ ဂိုးဖန်တီးမှုတစ်ခု ထပ်မံပြုလုပ်ပေးခဲ့တာကြောင့် ဂိုးပါဝင်ပတ်သက်မှု စုစုပေါင်း ၆၁ ကြိမ်အထိ ရှိလာခဲ့ပါတယ်။
ဒါ့အပြင် အသက် ၃၂ နှစ်အရွယ် ဟယ်ရီကိန်းဟာ ချန်ပီယံလိဂ် ၆ ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံး အင်္ဂလန်ကစားသမားလည်း ဖြစ်လာခဲ့ပြီး လီဗာပူးဂန္ထဝင် စတီဗင်ဂျရတ်ရဲ့ ၅ ပွဲဆက်တိုက် ဂိုးသွင်းစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။