ရီးရဲလ်မက်ဒရစ်နဲ့ဒုတိယအကျော့ပွဲစဉ်မတိုင်ခင် လေ့ကျင့်ခန်းပြန်ဆင်းလာတဲ့ ဟယ်ရီကိန်းနဲ့ ဂါနာဘရီ
ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့အဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်မတိုင်ခင် ဘိုင်ယန်မြူးနစ်ရဲ့တနင်္လာနေ့အသင်းလိုက်လေ့ကျင့်ရေးအစီအစဉ်မှာ ဟယ်ရီကိန်းနဲ့ ဂါနာဘရီတို့ နှစ်ဦးလုံး ပြန်လည်ပါဝင်လာခဲ့ကြပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်၊ စိန့်ပေါ်လီကို ငါးဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်နဲ့ လွဲချော်ခဲ့ပြီးနောက် ဟယ်ရီကိန်းနဲ့ ဂါနာဘရီတို့က တနင်္လာနေ့မှာ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်နည်းပြကွန်ပနီကတော့ ပထမအကျော့ပွဲစဉ်မှာ မိနစ် ၉၀ အပြည့်ကစားခဲ့လို့ ဒဏ်ရာမှပြန်သက်သာလာတဲ့ဟယ်ရီကိန်း နောက်ဆက်တွဲဝေဒနာအချို့ ခံစားရပေမဲ့ လာမယ့်ဗုဒ္ဓဟူးနေ့ပွဲစဉ်မှာတော့ အဓိကတိုက်စစ်မှူးကို ပွဲထွက်လူစာရင်းမှာ ပြန်မြင်တွေ့ရနိုင်တယ်လို့ စနေနေ့မှာ ပြောကြားခဲ့ပါတယ်။
ဒူးဒဏ်ရာ အနည်းငယ်ကြောင့် စိန့်ပေါ်လီနဲ့ပွဲစဉ်ကို လွဲချော်ခဲ့တဲ့ ဂါနာဘရီကတော့ အနည်းငယ်မရေမရာဖြစ်နေပါသေးတယ်။ သူ ပွဲထွက်ကစားနိုင်လောက်အောင် ကြံ့ခိုင်မှုရှိ၊မရှိဆိုတာ အင်္ဂါနေ့မှာပြုလုပ်မယ့် ပွဲကြိုနောက်ဆုံးအကြိမ်လေ့ကျင့်ခန်းအပြီးမှသာ အတည်ပြုနိုင်ပါလိမ့်မယ်။
အသက် ၁၈ နှစ်အရွယ်လူငယ်ကြယ်ပွင့်လင်းနတ်ကာလ်က ဒဏ်ရာကြောင့် အနားယူနေရလို့ ဂါနာဘရီသာ အဆင်သင့်မဖြစ်ဘူးဆိုရင် မူစီယာလာက တိုကကွင်းလယ်တိုက်စစ်နေရာမှာ ပွဲထွက်လာဖို့ များပါတယ်။
အသက် ၂၃ နှစ်အရွယ်မူစီယာလာဟာ ပြီးခဲ့တဲ့နွေရာသီ၊ ကမ္ဘာ့ကလပ်များဖလားပြိုင်ပွဲမှာရရှိခဲ့တဲ့ ပြင်းထန်ခြေကျင်းဝတ်ဒဏ်ရာကြောင့် အကောင်းဆုံးခြေစွမ်းပြန်ရဖို့ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။
ဒါပေမဲ့ စိန့်ပေါ်လီနဲ့ပွဲစဉ်မှာ သူက ၈၄ မိနစ်ကြာ ပါဝင်ကစားခဲ့ပြီး တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးနိုင်ခဲ့လို့ အားတက်စရာ ကောင်းခဲ့ပါတယ်။
ဒါပေမဲ့ ဘိုင်ယန်မြူးနစ်အသင်းကတော့ မူစီယာလာကို သတိကြီးကြီးနဲ့ ကိုင်တွယ်နေပြီး အချိန်တိုအတွင်းမှာ နှစ်ပွဲဆက်ပွဲထွက်ကစားခိုင်းဖို့ ရှိ၊ မရှိကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
နောက်ထပ်ရွေးချယ်စရာတစ်ခုကတော့ ဟယ်ရီကိန်းကို ကွင်းလယ်အထိ ဆင်းကစားခိုင်းပြီး စိန့်ပေါ်လီနဲ့ပွဲမှာ ဂိုးလည်းသွင်း၊ ဂိုးဖန်တီးမှုပါ လုပ်နိုင်ခဲ့တဲ့ ဂျက်ဆန်ကို အထောင်တိုက်စစ်မှူးအဖြစ် အသုံးပြုဖို့ ဖြစ်ပါတယ်။
ဂွာရဲရိုးနဲ့ တွမ်ဘစ်ရှော့တို့ကလည်း ကွင်းလယ်တိုက်စစ်နေရာအတွက် အားကိုးလို့ရတဲ့ လူစားဝင်ကစားသမားတွေ ဖြစ်ပါတယ်။
လောလောဆယ်မှာတော့ ဂါနာဘရီကို ပွဲထွက်ကစားနိုင်လောက်တဲ့အထိ ကြံ့ခိုင်မှုရှိလာလိမ့်မယ်လို့ပဲ အားလုံးက မျှော်လင့်ထားကြပါတယ်။