The network connection is lost.

Banner Image

ပေါင်ခြံဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ရနိုင်တဲ့ ဂါနာဘရီ

ဘိုင်ယန်မြူးနစ်နှင့် ဂျာမနီအသင်းတိုက်စစ်မှူးဂါနာဘရီက ပေါင်ကြွက်သားစုတ်ပြဲဒဏ်ရာကြောင့် လာမယ့်နွေရာသီမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်သွားဖွယ်ရှိတယ်လို့ ဘွန်ဒက်စ်လီဂါလပ်အသင်းမှ စနေနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဂါနာဘရီရဲ့ ညာဘက်ပေါင်ခြံအတွင်းပိုင်းကြွက်သား (adductor muscle) စုတ်ပြဲသွားမှုကြောင့် အချိန်အတော်ကြာ အနားယူရလိမ့်မယ်လို့ ဘိုင်ယန်မြူးနစ်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိချန်ပီယံဘိုင်ယန်မြူးနစ်အသင်းက ကစားသမားကို ဘယ်လောက်အတိုင်းအတာအထိ အနားယူရမယ်ဆိုတာ ထုတ်ဖော်ပြောဆိုခြင်း မရှိပေမယ့် ဂျာမန်အခြေစိုက်မီဒီယာတွေရဲ့ဖော်ပြချက်အရ ဂါနာဘရီက အခုရာသီ၊ လက်ကျန်ပွဲစဉ်တွေအပြင် လာမယ့်နွေရာသီ၊ ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ လွဲချော်သွားနိုင်တယ်လို့ သိရပါတယ်။
အသက် ၃၀ နှစ်အရွယ်ကစားသမားက ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဆီ တက်လှမ်းခဲ့တဲ့ ဘိုင်ယန်မြူးနစ်ရဲ့အိမ်ကွင်း၊ အဝေးကွင်းပွဲစဉ်နှစ်ကျော့လုံးမှာ ပွဲထွက်ပါဝင်ကစားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်က ဆီမီးဖိုင်နယ်မှာ ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရဖို့ ရှိနေပြီး ဂါနာဘရီရဲ့ဒဏ်ရာ ဘယ်လိုပေါ်ပေါက်လာသလဲဆိုတာ ကလပ်အသင်းဘက်မှ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။

အာဆင်နယ်ကစားသမားဟောင်းဂါနာဘရီက အခုဘောလုံးရာသီမှာ လိဂ်ပွဲစဉ် ၂၁ ပွဲ ကစားထားပြီး ၈ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

ဒါ့အပြင် ဂါနာဘရီက ဂျာမနီအသင်းနည်းပြနာဂယ်စမန်းရဲ့လူစာရင်းမှာ အမြဲတမ်းပါဝင်လေ့ရှိတဲ့ အမာခံကစားသမားတစ်ဦးဖြစ်ပြီး နိုင်ငံအသင်းအတွက် ၅၉ ပွဲကစားကာ ၂၆ ဂိုး သွင်းယူပေးထားပါတယ်။

ဂျာမန်ဖလားဆီမီးဖိုင်နယ်ဆီလည်း တက်ရောက်ထားနိုင်တဲ့ ဘိုင်ယန်မြူးနစ်က ဒီည၊ စတုဂတ်နဲ့အိမ်ကွင်းပွဲစဉ်ကို မရှုံးနိမ့်ဘူးဆိုရင် အခုရာသီ၊ ဘွန်ဒက်စ်လီဂါချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ပါလိမ့်မယ်။