ဆီမြွန်နီအပေါ် သူအနှစ်သက်ဆုံးအချက်ကို ဖွင့်ဟလိုက်တဲ့ အာတီတာ
အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ နည်းပြ ဒီယေဂို ဆီမြွန်နီအပေါ်မှာ သူကိုယ်တိုင် အလွန်အမင်း အထင်ကြီးလေးစားမိကြောင်း အာဆင်နယ်နည်းပြ မီကယ် အာတီတာက ဝန်ခံပြောကြားလိုက်ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီနေ့ညမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်အဖြစ် အက်သလက်တီကိုအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဆီမြွန်နီရဲ့ ဘယ်အချက်ကို အနှစ်သက်ဆုံးလဲလို့ မေးမြန်းရာမှာတော့ အာတီတာက "ဘောလုံးပွဲအပေါ်ထားတဲ့ သူ့ရဲ့ စိတ်အားထက်သန်မှုနဲ့ သူ့ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အပေါ် ထားရှိတဲ့ စိတ်ဓာတ်ပါပဲ" လို့ ပြောပါတယ်။
"သူဟာ ဒီအသင်းကို ၁၅ နှစ်တာအတွင်းမှာ အသွင်ပြောင်းလဲပေးခဲ့သူပါ။ သူလုပ်ဆောင်ခဲ့တဲ့ ပုံစံ၊ တည်ငြိမ်မှု၊ သူရရှိခဲ့တဲ့ ရလဒ်တွေ၊ ဒါတင်မကသေးဘဲ အရာအားလုံးမှာ သူ့ကိုယ်သူ ဘယ်လိုပုံဖော်ပြသသွားလဲဆိုတဲ့ အချက်တွေက အံ့ဩစရာပါပဲ။ သူ့ရဲ့ လူပုဂ္ဂိုလ်ရေးအရကို ကျွန်တော်က အမြဲတမ်း လေးစားခဲ့တာပါ။ လူတိုင်းမှာ ကိုယ်ပိုင်ဟန်စီ ရှိကြတာပဲလေ။ သူကတော့ ခံစားချက်အပြည့်ရှိတယ်၊ သူ့ကစားသမားတွေကို စိတ်ဓာတ်တက်ကြွအောင် လုပ်ပေးနိုင်တယ်၊ ပြီးတော့ ကလပ်အသင်းနဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ သူဟာ အားလုံးအတွက် စံနမူနာပြပုဂ္ဂိုလ် တစ်ယောက်ပါပဲ" လို့ ဆိုပါတယ်။
အက်သလက်တီကိုရဲ့ အားသာချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း "ဒါက ကြောက်တာနဲ့ မဆိုင်ပါဘူး။ သူတို့က တောင့်တင်းတဲ့အသင်း ဖြစ်သလို အားသာချက်တွေ အများကြီး ရှိပါတယ်။ အဲဒီလို အားသာချက်တွေ ရှိလို့လည်း ကျွန်တော်တို့လိုပဲ ဒီအဆင့်အထိ ရောက်လာတာပေါ့" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
"ပထမအချက်ကတော့ သူတို့ရဲ့ စည်းလုံးမှုပါပဲ။ နောက်ပြီး ဒီကွင်းထဲမှာ သူတို့ဖန်တီးနိုင်တဲ့ စွမ်းအင်တွေကလည်း တစ်ခုပေါ့။ သူတို့မှာ ယုံကြည်မှုနဲ့ အတွေ့အကြုံတွေလည်း ရှိတယ်၊ ဘာလို့လဲဆိုတော့ သူတို့ ဒါတွေကို အရင်ကတည်းက လုပ်ပြခဲ့ဖူးလို့ပါ။ ပွဲကို အရှိန်မြှင့်တင်နိုင်စွမ်းလည်း ရှိကြပါတယ်။ အခုလို အချိန်မျိုးမှာတော့ အသေးစိတ် အချက်အလက်လေးတွေကအစ အရမ်းကို အရေးကြီးပါတယ်" လို့ အာတီတာက ပြောကြားသွားခဲ့ပါတယ်။