The network connection is lost.

Banner Image

ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ ရင်ခုန်စရာပွဲစဉ်အပေါ် တကယ့်ကို ရူးလောက်စရာပဲလို့ အွန်နရီ မှတ်ချက်ပြု

ပြင်သစ်ကမ္ဘာ့ဖလားချန်ပီယံဟောင်း အွန်နရီဟာ အင်္ဂါနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ကို ပီအက်စ်ဂျီက အနိုင်ရရှိခဲ့မှုအပေါ် အတော်လေးကို အံ့အားသင့်ခဲ့ရပါတယ်။

ပီအက်စ်ဂျီဟာ သူတို့ရဲ့အိမ်ကွင်းမှာ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ကစားကွက်တွေနဲ့အတူ ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို ၅ ဂိုး - ၄ ဂိုး ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

အွန်နရီက CBS Sports မှာ အဲ့ဒီပွဲစဉ်အပေါ် သုံးသပ်ရာမှာ "စွန့်စားမှုတွေပေါ့။ ကျွန်တော်တို့တွေဟာ စွန့်စားမှုမရှိတဲ့ အသင်းတွေအကြောင်းပဲ အများကြီး ပြောနေခဲ့ကြတာပါ။ ဘောလုံးဆွဲမပြေးတဲ့ တောင်ပံကစားသမားတွေ၊ ရှေ့ကိုမတက်တဲ့သူတွေပေါ့၊ သူတို့တွေက ပွဲကိုအနိုင်ရဖို့ထက် မရှုံးဖို့ပဲ စဉ်းစားနေကြတာ" လို့ ဆိုပါတယ်။

"ဒါပေမဲ့ ဒီနေ့ညမှာတော့ တချို့အချိန်တွေမှာ စွန့်စားကစားတဲ့ အခြေအနေတွေကို အများကြီး မြင်ခဲ့ရပါတယ်။ အကယ်၍ ခံစစ်အမြင်နဲ့ ကြည့်မယ်ဆိုရင်တော့ ဒီည မြင်ခဲ့ရတဲ့ တချို့အရာတွေအပေါ် စိတ်ပျက်မိနိုင်ပေမဲ့ ကျွန်တော်ကတော့ ဒါကို ဂရုမစိုက်ပါဘူး" လို့ ၎င်းက ဆက်ပြောပါတယ်။

"သိတဲ့အတိုင်းပဲလေ၊ လွန်ခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ်လောက်ကတည်းက ဘောလုံးပွဲတွေက 'ပျင်းစရာကောင်းတယ်' ဆိုပြီး ကျွန်တော်တို့ ညည်းတွားနေခဲ့ကြတာ မဟုတ်လား။ ဒီပွဲကတော့ လုံးဝမပျင်းရပါဘူး။ တစ်ဖက်ကနေ ပညာရှင်အမြင်နဲ့ ပြန်ကြည့်မယ်ဆိုရင်တော့ ပေးလိုက်ရတဲ့ဂိုးတွေအပေါ် ဝေဖန်စရာတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တော့ အတော်လေး သဘောကျမိသလို အိမ်မှာကြည့်နေတဲ့သူတွေလည်း အားလုံးပျော်ကြမှာပါ" လို့ အွန်နရီက သုံးသပ်ခဲ့ပါတယ်။

ဒါ့အပြင် "ခင်ဗျားပြောသလိုပဲ ဒါဟာ တကယ့်ကို ရူးလောက်စရာပါပဲ။ ပုံမှန်အားဖြင့် နှစ်ကျော့ပေါင်းရလဒ်ကျမှသာ မြင်တွေ့ရလေ့ရှိတဲ့ ဂိုးရလဒ်မျိုး ဖြစ်နေတာကိုး။ တွေ့တဲ့အတိုင်းပါပဲ၊ တချို့အချိန်တွေမှာ တကယ့်ကို ရူးလောက်စရာ ကောင်းလွန်းပါတယ်" လို့လည်း အွန်နရီက ပြောကြားခဲ့ပါတယ်။