ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ယန်း ကစားသမားဘဝကနေ အနားယူတော့မယ်လို့ ကြေညာ
အစ်ဝစ်ချ်တောင်းအသင်းရဲ့ ဝါရင့်ကစားသမား အက်ရှလေယန်းက ဒီရာသီကုန်မှာ ဘောလုံးသမားဘဝကနေ အနားယူတော့မယ်လို့ ကြေညာလိုက်ပါတယ်။ မန်ချက်စတာယူနိုက်တက်၊ အက်စတွန်ဗီလာနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့ရဲ့ နောက်ခံလူဟောင်း အက်ရှလေယန်းဟာ အခုဆိုရင် အသက် ၄၀ ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက အစ်ဝစ်ချ်တောင်းအသင်းအတွက် ပွဲထွက်ကစားပေးနိုင်ခြင်း မရှိသေးပါဘူး။
ယန်းက ဒီနေ့မနက်ပိုင်းမှာပဲ သူ့ရဲ့ဆုံးဖြတ်ချက်ကို အတည်ပြုပြောကြားခဲ့တာဖြစ်ပြီး "ကျွန်တော့်ရဲ့ ကစားသမားဘဝတစ်လျှောက်မှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေအားလုံးအတွက် တကယ်ကို ဂုဏ်ယူမိသလို ကိုယ့်ကိုယ်ကိုယ်လည်း ကံကောင်းတယ်လို့ ခံစားရပါတယ်။ ကစားသမားဘဝမှာ ရှိနေတုန်းမှာတော့ ဒီလိုမျိုးအကြောင်းအရာတွေကို သိပ်ပြီး ထိုင်စဉ်းစားဖြစ်လေ့မရှိပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၃ နှစ်တာကာလအတွင်းမှာ ကျွန်တော့်ရဲ့ အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော် ရှင်သန်နိုင်ခဲ့ပါတယ်" လို့ ဆိုပါတယ်။
ဒါ့အပြင် ၎င်းက "အခုအချိန်ကတော့ ကျွန်တော် ဘာတွေစွမ်းဆောင်နိုင်ခဲ့သလဲဆိုတာကို ပြန်လည်သုံးသပ်ရမယ့် အချိန်ပါပဲ။ နောက်ထပ် ဘာဆက်လုပ်မလဲဆိုတာကိုတော့ လာမယ့် ရက်သတ္တပတ်တွေနဲ့ လအနည်းငယ်အတွင်းမှာ ကျွန်တော် ဆုံးဖြတ်သွားပါမယ်။ ဒါပေမဲ့ ဒါတွေက နောက်မှလာမယ့် အစီအစဉ်တွေပါ။ အခုလောလောဆယ်မှာတော့ ကျွန်တော့်ရဲ့ အာရုံစိုက်မှုအားလုံးက လာမယ့် စနေနေ့ပွဲစဉ်မှာပဲ ရှိနေပြီး အသင်းကို ပရီးမီးယားလိဂ်ဆီ ပြန်လည်တက်လှမ်းနိုင်ရေးဆိုတဲ့ ရည်မှန်းချက်အောင်မြင်အောင် ကူညီပေးသွားမှာပါ" လို့ ပြောကြားသွားခဲ့ပါတယ်။