The network connection is lost.

Banner Image

အေစီမီလန်ရဲ့ အခုရာသီ၊ ချန်ပီယံဆုတိုက်ပွဲ ဆုံးခန်းတိုင်သွားပြီလို့ ဝန်ခံလိုက်တဲ့ အယ်လီဂရီ

နာပိုလီကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် စီးရီးအေချန်ပီယံဆုအတွက် အေစီမီလန်အသင်း လက်တွေ့ကျကျ မမျှော်လင့်နိုင်တော့ဘူးလို့ နည်းပြအယ်လီဂရီက ဝန်ခံပြောကြားခဲ့ပါတယ်။

မာရာဒိုနာကွင်းပွဲစဉ်အတွက် ပူလီဆစ်နဲ့ လီယာအိုတို့လို အဓိကကစားသမားတွေကို အနားပေးခဲ့တဲ့ အီတာလျံလူမျိုးနည်းပြရဲ့ဆုံးဖြတ်ချက်က အမှားအယွင်းဖြစ်ခဲ့ပြီးနောက် အေစီမီလန်အတွက် ထိပ်ဆုံးလေးသင်းစားရင်းဝင်ဖို့နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ကိုပဲ အပြည့်အဝအာရုံစိုက်သွားတော့မယ်လို့ အတည်ပြုခဲ့ပါတယ်။

အခုရှုံးပွဲကြောင့် အေစီမီလန်က အမှတ်ပေးဇယားထိပ်ဆုံးနေရာရှိ အင်တာမီလန်နဲ့ ၉ မှတ်၊ နာပိုလီနဲ့ ၂ မှတ် ကွာဟသွားခဲ့ပြီး အယ်လီဂရီကတော့ အခုဘောလုံးရာသီ၊ သူတို့အသင်းရဲ့ ပြည်တွင်းလိဂ်ရည်မှန်းချက်တွေနဲ့ပတ်သက်ပြီး လက်ရှိအခြေအနေမှန်ကို ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ်။

"အခုအချိန်မှာ စကူဒက်တိုချန်ပီယံဆုလမ်းကြောင်းက ကျွန်တော်တို့အတွက် မဟုတ်တော့ပါဘူး၊ အင်တာမီလန်နဲ့ ကိုးမှတ်လောက် ဝေးသွားပြီဖြစ်သလို နာပိုလီကလည်း ကျွန်တော်တို့အရှေ့ကို ရောက်သွားပါပြီ။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံစိုက်ပြီး ပွဲစဉ်တစ်ခုချင်းစီကို အကောင်းဆုံးရင်ဆိုင်သွားဖို့ လိုပါတယ်" လို့ သူက DAZN ကို ပြောပါတယ်။

"လောလောဆယ်မှာတော့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်အတိုင်း ရှိနေပါသေးတယ်၊ ဒါပေမဲ့ ဒါက သီတင်းပတ် တစ်ပတ်၊ နှစ်ပတ်အတွင်း ဆုံးဖြတ်လို့ရမှာ မဟုတ်ပါဘူး၊ ပွဲစဉ်တွေကို အနိုင်ရအောင် ကြိုးစားပြီး ဒီအားသာချက်ကို ဆက်ထိန်းထားဖို့ လိုပါတယ်။"

"ဘောလုံးမှာ အခုလိုအခြေအနေမျိုးတွေ ရှိတတ်ပါတယ်၊ အသင်းတစ်ခုလုံးကတော့ တော်တော်လေး ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ စပင်နက်ဇ်ဇိုလာကို ဂိုးကန်ခွင့်မပေးသင့်ဘဲ ပေးလိုက်ရသလို တန်ပြန်တိုက်စစ် အချို့မှာလည်း ရုန်းကန်ခဲ့ရပါတယ်" လို့ ဆိုပါတယ်။