နည်းပြ အယ်လီဂရီကို ရာထူးမှထုတ်ပယ်လိုက်ကြောင်း အေစီမီလန် ကြေညာ
ချန်ပီယံလိဂ်ဝင်ခွင့် မရရှိခဲ့တာကြောင့် အေစီမီလန်အသင်းဟာ 'အကြီးစား ပြန်လည်ဖွဲ့စည်းမှု' တစ်စိတ်တစ်ပိုင်းအနေနဲ့ နည်းပြ အယ်လီဂရီကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီလို့ အတည်ပြုလိုက်ပါတယ်။
အေစီမီလန်ဟာ အဆင့် (၅) နေရာနဲ့ ရာသီသိမ်းခဲ့တာကြောင့် နှစ်နှစ်ဆက်တိုက် ချန်ပီယံလိဂ် ကစားခွင့် လွဲချော်ခဲ့တာလည်း ဖြစ်ပါတယ်။
အယ်လီဂရီရဲ့အသင်းဟာ ၂၀၂၅-၂၆ ရာသီရဲ့ နောက်ဆုံးလပိုင်းတွေမှာ ခြေစွမ်းတွေ ပျက်ယွင်းခဲ့ပြီး နောက်ဆုံး (၁၀) ပွဲမှာ ၆ ပွဲရှုံး၊ ၁ ပွဲသရေ၊ ၃ ပွဲသာ အနိုင်ရခဲ့ပါတယ်။
အသက် ၅၈ နှစ်အရွယ် အယ်လီဂရီကို "ကလပ်အသင်းရဲ့ အားကစားဌာနကို အကြီးစား ပြန်လည်ဖွဲ့စည်းခြင်း" အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ထုတ်ပယ်လိုက်တာလို့ အသင်းက အတည်ပြုခဲ့ပါတယ်။
စီအီးအို ဂျော်ဂျီယို ဖာလာနီ၊ အားကစားဒါရိုက်တာ အီဂလီတာရီနဲ့ နည်းစနစ်ဒါရိုက်တာ ဂျက်ဖရီ မွန်ကာဒါတို့လည်း အသင်းကနေ ထွက်ခွာခဲ့ကြပါတယ်။
အေစီမီလန်ရဲ့ ထုတ်ပြန်ချက်မှာတော့ "ပြီးခဲ့တဲ့ရာသီက စိတ်ပျက်စရာကောင်းခဲ့ပြီးနောက် အသင်းပိုင်ရှင်တွေရဲ့ ရည်မှန်းချက်က ရှင်းလင်းပါတယ်။ အဲဒါကတော့ ချန်ပီယံလိဂ်ကို ပြန်ဝင်နိုင်ဖို့၊ အောင်မြင်မှုတွေအတွက် အခြေခံကောင်းတွေ တည်ဆောက်ဖို့နဲ့ စီးရီးအေဇယားထိပ်ပိုင်းမှာ အမြဲတမ်း ရပ်တည်နိုင်ဖို့ပါပဲ" လို့ ဖော်ပြထားပါတယ်။
"ဒီရာသီရဲ့ အချိန်အတော်ကြာမှာ ကျွန်တော်တို့ဟာ အဆင့် (၂) နေရာမှာ ရှိနေခဲ့ပြီး စကူဒက်တို (ချန်ပီယံဆု) အတွက် ယှဉ်ပြိုင်နိုင်တဲ့ အခွင့်အရေးလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ ရာသီအပိတ်ပိုင်းမှာတော့ ကျွန်တော်တို့ရဲ့ ခြေစွမ်းတွေက အရင်ကထက် အများကြီး နိမ့်ကျသွားခဲ့ပြီး မနေ့ညက စိတ်ပျက်စရာကောင်းတဲ့ ရှုံးနိမ့်မှုကတော့ ဒီရာသီကို လုံးဝကျရှုံးသွားစေခဲ့ပါတယ်"။
"အခုအချိန်ဟာ ပြောင်းလဲမှုတွေလုပ်ဖို့နဲ့ အသင်းရဲ့ အားကစားဌာနကို အကြီးစား ပြန်လည်ဖွဲ့စည်းရမယ့် အချိန်ပါပဲ။ ဒါကြောင့် စီအီးအို ဂျော်ဂျီယို ဖာလာနီ၊ အားကစားဒါရိုက်တာ အီဂလီတာရီ၊ နည်းပြချုပ် အယ်လီဂရီနဲ့ နည်းစနစ်ဒါရိုက်တာ ဂျက်ဖရီ မွန်ကာဒါတို့ရဲ့ အေစီမီလန်မှာ တာဝန်ယူမှုတွေဟာ ချက်ချင်း လက်ငင်းပဲ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ အသင်းမှာ တာဝန်ယူခဲ့တဲ့ ကာလအတွင်း သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေအတွက် တစ်ဦးချင်းစီကို ကျေးဇူးတင်ရှိပါတယ်။ ရာသီသစ်အတွက် အဆင်သင့်ဖြစ်စေဖို့ ခန့်အပ်မှုအသစ်တွေကို အမြန်ဆုံး အဆုံးသတ်ပြီး ထပ်မံထုတ်ပြန်ပေးသွားမှာပါ" လို့ ဆိုပါတယ်။