၂၀၃၁ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုပြီးနောက် ဆုဖလားကြီးတွေအတွက် ပုံမှန်ယှဉ်ပြိုင်သွားချင်တယ်လို့ ပြောကြားလာတဲ့ ကိုဘီမိုင်နူး
မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ကိုဘီမိုင်နူးဟာ အသင်းမှာ ဆက်ရှိနေဖို့အတွက် ၂၀၃၁ ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်သစ်ကို လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။
အသက် ၂၀ အရွယ် မိုင်နူးဟာ ယခုနှစ်အစပိုင်းကတည်းက ယာယီနည်းပြ မိုက်ကယ်ကားရစ်လက်ထက်မှာ ခြေစွမ်းပြပြီး ပြန်လည်တောက်ပလာခဲ့တာကြောင့် ပြီးခဲ့တဲ့လက သောမတ်တူချယ်ရဲ့ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။
သတင်းတွေရဲ့ ဖော်ပြချက်အရ အရင်က တစ်ပတ်လုပ်ခ ပေါင် ၂၅,၀၀၀ ရရှိနေတဲ့ မိုင်နူးဟာ အခုစာချုပ်သစ်အရ တစ်ပတ်ကို ပေါင် ၁၂၀,၀၀၀ ဝန်းကျင်အထိ ရရှိတော့မှာဖြစ်ပါတယ်။
နည်းပြဟောင်း ရူဘင်အာမိုရင်လက်ထက်မှာ နေရာပျောက်ဆုံးခဲ့ပေမဲ့ ကားရစ်လက်ထက်မှာတော့ မိုင်နူးဟာ အသင်းရဲ့ အမာခံကစားသမား ပြန်ဖြစ်လာခဲ့ပါတယ်။ ကားရစ် ကိုင်တွယ်ခဲ့တဲ့ ၁၃ ပွဲမှာ ၁ ပွဲသာ လွဲချော်ခဲ့ပြီး ကျန်တဲ့ ၁၂ ပွဲမှာဆိုရင်လည်း စုစုပေါင်း ၁၄ မိနစ်လောက်ကလွဲရင် ကျန်တဲ့အချိန်တွေအားလုံးမှာ ပါဝင်ကစားပေးခဲ့တာပါ။
ကြာသပတေးနေ့ နေ့လယ်ပိုင်းမှာ မိုင်နူးက စာချုပ်လက်မှတ်ရေးထိုးခဲ့တာဖြစ်ကြောင်း အသင်းက အတည်ပြုခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ နီးစပ်နေတဲ့ အခြေအနေမှာ လူငယ်ကစားသမားလေးက သူ့ရဲ့ ရည်မှန်းချက်တွေကို အခုလိုပဲ ပြောပြခဲ့ပါတယ်။
"မန်ချက်စတာယူနိုက်တက်က ကျွန်တော့်ရဲ့ အိမ်အမြဲတမ်း ဖြစ်ခဲ့ပါတယ်။ ဒီလိုထူးခြားတဲ့ ကလပ်အသင်းဟာ ကျွန်တော့်မိသားစုအတွက် အရာအားလုံးပါပဲ။ ကျွန်တော်တို့အသင်းက မြို့အပေါ် ဘယ်လောက်အထိ လွှမ်းမိုးမှုရှိလဲဆိုတာကို မြင်တွေ့ရင်း ကျွန်တော် ကြီးပြင်းလာခဲ့တာပါ။ ဒါကြောင့် ဒီအသင်းရဲ့ အင်္ကျီကို ဝတ်ဆင်ရတဲ့ တာဝန်ကို ကျွန်တော် တန်ဖိုးထားပါတယ်။ The Cliff ကနေ Littleton Road၊ ပြီးတော့ Carrington နဲ့ နောက်ဆုံး အိုးထရက်ဖို့ဒ်အထိ ကျွန်တော့်ရဲ့ ခရီးစဉ်ကတော့ တကယ်ကို အံ့ဩဖို့ကောင်းပါတယ်။ အသက် ၆ နှစ်အရွယ် ပထမဆုံး လေ့ကျင့်ခန်းဆင်းခဲ့စဉ်ကတည်းက ရှိခဲ့တဲ့ အောင်မြင်ချင်တဲ့ စိတ်ထက်သန်မှုတွေနဲ့ပဲ အခုဆိုရင် ကျွန်တော့်ရဲ့ အိပ်မက်တွေကို နေ့တိုင်း အကောင်အထည်ဖော်ခွင့် ရနေပါပြီ။ အခုဆိုရင် အသင်းထဲမှာ တက်ကြွတဲ့ အရှိန်အဟုန်ကောင်းတွေ ရှိနေတာကို အားလုံး ခံစားလို့ရမှာပါ။ လာမယ့်နှစ်တွေမှာ မန်ချက်စတာယူနိုက်တက်အသင်း ဆုဖလားကြီးတွေအတွက် ပုံမှန်ယှဉ်ပြိုင်နိုင်ဖို့ ကျွန်တော့်ဘက်က တတ်နိုင်တဲ့ အခန်းကဏ္ဍကနေ အကောင်းဆုံး ပါဝင်သွားဖို့ ဆုံးဖြတ်ထားပါတယ်" လို့ ၎င်းက ဆိုပါတယ်။
အင်္ဂလန်ကွင်းလယ်လူ မိုင်နူးဟာ အသင်းတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းမှုတွေကို ပြီးခဲ့တဲ့ ၃ လကတည်းက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒီစာချုပ်သစ်က ပရိသတ်တွေအတွက်တော့ စိတ်အေးစရာ သတင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ မကြာသေးခင်ကမှ ဟာရီမက်ဂွိုင်းယားကလည်း တစ်နှစ်စာချုပ်သက်တမ်းတိုးခဲ့ပါသေးတယ်။