ဘာစီလိုနာကို အပြီးသတ်ပြောင်းရွှေ့နိုင်ရန် လစာအမြောက်အမြား အလျှော့ခံဖို့ ပြင်ဆင်နေတဲ့ ရက်ရှ်ဖို့ဒ်
မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်းဆီ အပြီးသတ်ပြောင်းရွှေ့ခွင့်ရမယ်ဆိုရင် သူ့ရဲ့လစာကို လျှော့ယူဖို့ အသင့်ရှိနေတယ်လို့ သတင်းတွေအရ သိရပါတယ်။
ဘာစီလိုနာအသင်းအနေနဲ့ သဘောတူညီထားတဲ့ ယူရို ၃၀ သန်း (ပေါင် ၂၆ သန်း) ပေးရုံနဲ့ ရက်ရှ်ဖို့ဒ်ကို အပြီးသတ်ခေါ်ယူနိုင်မှာဖြစ်ပြီး ပြီးခဲ့တဲ့ပိတ်ရက်က ဂီတာဖေးကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ ရာသီရဲ့ ၁၃ ဂိုးမြောက်ကို သွင်းယူနိုင်ခဲ့တာကြောင့် စပိန်ကလပ်က သူ့ကို အရခေါ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။
Daily Mail သတင်းဌာနရဲ့ အဆိုအရ စပိန်မီဒီယာတွေက အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးဟာ သူ့ရဲ့လက်ရှိလစာနဲ့ဆိုရင် အပြောင်းအရွှေ့ဖြစ်ဖို့ ခက်ခဲနိုင်တာကြောင့် အပြီးသတ်ပြောင်းရွှေ့နိုင်ရေးအတွက် လစာလျှော့ယူဖို့ ဆန္ဒရှိနေတယ်လို့ ရေးသားနေကြတာပါ။
မန်ယူအသင်းဘက်ကလည်း လာမယ့်ရာသီသစ်မတိုင်ခင်မှာ ရက်ရှ်ဖို့ဒ်အတွက် ကုန်ကျစရိတ်တွေကို တခြားနေရာမှာ ပြန်လည်အသုံးပြုချင်နေတဲ့အတွက် အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ဒီနွေရာသီမှာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။
လက်ရှိမှာ တစ်ပတ်ကို ပေါင် ၃ သိန်း ရရှိနေတဲ့ ရက်ရှ်ဖို့ဒ်ဟာ လစာလျှော့ယူဖို့ သဘောတူလိုက်မယ်ဆိုရင် ရရှိမယ့်ပမာဏက အရင်ကထက် အများကြီး လျော့နည်းသွားနိုင်ပေမဲ့ ဒါဟာ စပိန်ထိပ်သီးကလပ်မှာ ရေရှည်ဆက်ရှိနေဖို့ လမ်းစဖြစ်လာမှာပါ။
ဒီရာသီမှာ ဘာစီလိုနာအတွက် ၄၅ ပွဲကစားပြီး ၁၃ ဂိုးသွင်း၊ ၁၃ ဂိုး ဖန်တီးပေးထားတဲ့ တိုက်စစ်မှူးရဲ့ အနာဂတ်ဟာ ကလပ်အသင်းနှစ်ခုကြားက စာချုပ်ဖျက်သိမ်းကြေးနဲ့ မြင့်မားတဲ့လစာကိစ္စ ညှိနှိုင်းမှုတွေကြောင့် လောလောဆယ်မှာတော့ မရေမရာ ဖြစ်နေဆဲပါ။
အိုးထရက်ဖို့ဒ်ရဲ့ တံခါးကတော့ တရားဝင် ပိတ်မသွားသေးပေမဲ့ အသင်းဘက်က စီမံခန့်ခွဲမှုတွေ ပြောင်းလဲခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ တဖြည်းဖြည်း ကြိုးစားနေချိန်မှာတောင် ရက်ရှ်ဖို့ဒ်ကတော့ အသင်းကနေ ထွက်ခွာချင်နေတာ ရှင်းလင်းပါတယ်။
တော့တင်ဟမ်အသင်းကလည်း မန်ယူကြယ်ပွင့်ကို စိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေပေမဲ့ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ အဆင်မပြေဖြစ်ခဲ့ရင်တောင် သူဟာ မြောက်လန်ဒန်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားမှာ မဟုတ်ဘူးလို့ သိရပါတယ်။