မန်ယူအသင်းရဲ့ အဓိကပစ်မှတ်အဖြစ် အိုဆီမင် ဆက်ရှိနေ
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိကပစ်မှတ်အဖြစ် အိုဆီမင် ဆက်ရှိနေပြီး အခြားရွေးချယ်စရာ ကစားသမားစာရင်းတွေကိုလည်း ပြုစုထားပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်ရာသီမှာ ဘန်ဂျမင် ဆက်စ်ကိုကို အကူအညီပေးနိုင်ဖို့အတွက် တိုက်စစ်မှူး ငါးဦးပါဝင်တဲ့ လူစာရင်းကို ပြုစုနေတယ်လို့ သိရပါတယ်။
ဗစ်တာ အိုဆီမင်ဟာ အသင်းရဲ့ အလိုချင်ဆုံး ပစ်မှတ်ဖြစ်နေပေမဲ့ သူ့ရဲ့ မြင့်မားလွန်းတဲ့ ပြောင်းရွှေ့ကြေးက အဓိက အဟန့်အတား ဖြစ်နေတာကြောင့် ယူနိုက်တက်အနေနဲ့ ဈေးနှုန်းပိုသက်သာတဲ့ တခြားကစားသမားတွေကိုပါ စဉ်းစားလာရတာပါ။
နိုင်ဂျီးရီးယား တိုက်စစ်မှူးဟာ ဒီရာသီ ဂါလာတာစာရေးအသင်းမှာ ၃၃ ပွဲကစားပြီး ၂၂ ဂိုး သွင်းထားသလို စုစုပေါင်း ၇၄ ပွဲမှာ ၅၉ ဂိုးအထိ သွင်းယူထားနိုင်တာကြောင့် ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။ ဒါပေမဲ့ Caught Offside ရဲ့ ဖော်ပြချက်အရ ယူရို ၇၅ သန်းလောက်ရှိတဲ့ သူ့ရဲ့ တန်ကြေးကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ အတော်လေး ခက်ခဲနေတာ ဖြစ်ပါတယ်။
ဆက်စကိုဟာ သူ့ရဲ့ ပထမဆုံးရာသီမှာ ၃၂ ပွဲကစားပြီး ၁၂ ဂိုး သွင်းယူကာ အစွမ်းပြနိုင်ခဲ့ပေမဲ့ ယူနိုက်တက်အသင်းကတော့ တိုက်စစ်ပိုင်းကို ပိုမိုအားကောင်းစေဖို့အတွက် အတွေ့အကြုံရှိတဲ့ နောက်ထပ် တိုက်စစ်မှူးတစ်ဦး လိုအပ်တယ်လို့ ယူဆနေပါတယ်။
တခြားရွေးချယ်စရာတွေထဲမှာ ပရီမီယာလိဂ် အတွေ့အကြုံရှိတဲ့ ဂျင်းဖိလစ် မာတေတာနဲ့ ခွန်အားရော အဆုံးသတ်ပိုင်းပါ ကောင်းမွန်တဲ့ ဂျူဗင်တပ် တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်တို့ ပါဝင်နေပါတယ်။
ဘုန်းမောက်အသင်းက အီလီ ဂျူနီယာ ခရူပီကို ရေရှည်အတွက် ရွေးချယ်စရာအဖြစ် မြင်နေပြီး ရောဘတ် လီဝန်ဒေါစကီးကိုတော့ အသင်းကို ဦးဆောင်နိုင်မှုနဲ့ လမ်းညွှန်ပေးနိုင်တဲ့ အရည်အချင်းတွေကြောင့် ရေတိုအတွက် အံ့အားသင့်စရာ ရွေးချယ်မှုအဖြစ် သတ်မှတ်ထားပါတယ်။