The network connection is lost.

Banner Image

ပွဲဦးထွက်ကစားပြီးနောက် အဲဗာတန်ပရိသတ်တွေရဲ့ ပြင်းထန်လှတဲ့ အားပေးမှုကို ချီးကျူးလိုက်တဲ့ မစ်လန်းနိုင်းစ်

မစ်လန်းနိုင်းစ်က မန်ချက်စတာယူနိုက်တက်နဲ့ရင်ဆိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဲဗာတန်အတွက် နောက်ကျချေပဂိုးကို သွင်းယူပြီးနောက် ပြောစရာစကားလုံးမရှိအောင် ဝမ်းသာပီတိ ဖြစ်နေခဲ့ပါတယ်။
 
အပြောင်းအရွှေ့စျေးကွက်နောက်ဆုံးရက်မှာ အသင်းဆီရောက်ရှိလာတဲ့ သူက ဒုတိယပိုင်းပွဲချိန်အတွင်း လူစားဝင်လာပြီး ပွဲချိန် ၉၆ မိနစ်မှာ အဝေးကန်ချက်နဲ့အတူ အသင်းအတွက် တစ်ဖက်နှစ်ဂိုးစီသရေရလဒ်ထွက်ပေါ်စေမယ့် ချေပဂိုးကို သွင်းယူခဲ့ပါတယ်။

မစ်လန်းနိုင်းစ်က ဟေးလ်ဒစ်ကင်ဆန်ကွင်းကြီးရဲ့ အားပေးမှုအငွေ့အသက်ကို ချီးကျူးလိုက်ပြီး ဂူဒီဆင်ပတ်ခ်ထက်တောင် ပိုကောင်းနေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်၊ ဆောက်သမ်တန်နဲ့ ဝက်စ်ဘရွန်းကစားသမားဟောင်းက အဲဗာတန်ကစားသမားဘ၀မှာ အမှတ်တရဖြစ်စရာစတင်မှုတစ်ခုကို ပိုင်ဆိုင်သွားခဲ့ပါပြီ။
 
အဲဗာတန်အသင်းဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် မစ်လန်းနိုင်းစ်က "ပြောရမယ်ဆိုရင် ဒီကွင်းကြီးရဲ့အားပေးသံက ဂူဒီဆင်ပတ်ခ်ထက်တောင် ကျယ်လောင်ပါသေးတယ်။ ဂူဒီဆင်ပတ်ခ်မှာ ကျွန်တော်ကစားခဲ့ချိန်မှာလည်း ပရိသတ်တွေကိုယ်တိုင် အားပါးတရ အော်ဟစ်အားပေးခဲ့ကြပါတယ်။ တကယ်ကို ကြက်သီးထမိပါတယ်"လို့ ပြောကြားခဲ့ပါတယ်။
 
"ကျွန်တော့်ရဲ့ခံစားချက်ကို စကားလုံးတွေနဲ့ဖော်ပြဖို့တောင် မလွယ်ကူပါဘူး"
 
"ကျွန်တော်တို့အသင်းမှာ ပွဲတွေကို အနိုင်ကစားနိုင်ဖို့၊ သရေရလဒ်ရအောင် လုပ်ဖို့နဲ့ တိုက်ပွဲဝင်စိတ်ဓာတ် ပြသနိုင်ဖို့အတွက် အရည်အသွေးတွေ အပြည့်ရှိပါတယ်"
 
"ဒါ အစွမ်းကုန်တိုက်ပွဲဝင်တဲ့ အသင်းတစ်ခုပါ။ အသင်းဖော်တွေနဲ့အတူ ကွင်းထဲကို ပထမဆုံး စတင်ဝင်ရောက်ခဲ့တဲ့ ရက်ပိုင်းကတည်းက သူတို့အားလုံး တိုက်ပွဲဝင်သူတွေဆိုတာကို မြင်တွေ့နိုင်ခဲ့ပါတယ်"
 
"ဒီနေရာမှာ တိုက်ပွဲဝင်စိတ်ဓာတ်သာ မရှိဘူးဆိုရင် ခင်ဗျားကို မလေးစားတော့ပါဘူး။ ဒါကြောင့် သူတို့လိုပဲ သို့မဟုတ် သူတို့ထက်ပိုပြီးတော့ ကြိုးစားတိုက်ပွဲဝင်ခြင်းအားဖြင့် ကိုယ့်အပေါ် လေးစားမှုရှိလာအောင် လုပ်ယူရပါလိမ့်မယ်" လို့ ဆိုပါတယ်။