The network connection is lost.

Banner Image

အမ်ဘာပေရဲ့ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ခွင့်ရရှိရေးအိပ်မက် အမှန်တကယ်ဖြစ်လာ

ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေက ကာလရှည်စောင့်ဆိုင်းခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့နိုင်ရေးကိစ္စကို အတည်ပြုပေးရင်း အိပ်မက်တစ်ခု အမှန်တကယ်ဖြစ်လာခဲ့ပြီလို့ ပြောဆိုလိုက်ပါတယ်။
 
အသက်-၂၅ နှစ်အရွယ် အမ်ဘာပေက ပီအက်စ်ဂျီနဲ့စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ဇွန် ၃၀ ရက်မှာပဲ ဘာနေဗျူးကွင်းကြီးဆီ ငါးနှစ်စာချုပ်ဖြင့် ရောက်ရှိသွားပါလိမ့်မယ်။ သူက ငါးနှစ်တာ စာချုပ်အတွက် လက်မှတ်ထိုးကြေးအဖြစ် ယူရိုသန်း ၁၅၀(ပေါင် ၁၂၈ သန်း) အပြင် တစ်နှစ်လုပ်ခလစာ ယူရို ၁၅ သန်း(ပေါင် ၁၂ ဒဿမ ၈ သန်း) ရရှိသွားပါလိမ့်မယ်။ ဒါ့အပြင် ပုံရိပ်အသုံးပြုခွင့်အတွက် ရရှိလာမယ့် အကျိုးအမြတ်ရဲ့တစိတ်တပိုင်းကိုလည်း ခံစားခွင့်ရှိနေပြန်ပါတယ်။
 
Instagram လူမှုကွန်ရက်မှတဆင့် အမ်ဘာပေက “ ဒီအချိန်မှာ ကျွန်တော် ဘယ်လောက်အထိ စိတ်လှုပ်ရှားနေသလဲဆိုတာ ဘယ်သူမှ နားလည်နိုင်မှာ မဟုတ်ပါဘူး။ အိပ်မက်တစ်ခု အမှန်တကယ်ဖြစ်လာခဲ့တာပါ။ ကိုယ့်အိပ်မက်ထဲက ကလပ်အသင်းဆီ ပြောင်းရွှေ့ရလို့ ပျော်ရွှင်ကျေနပ်ဂုဏ်မိပါတယ်”လို့ ရှင်းပြသွားခဲ့ပါတယ်။
 
သူက လောလောလတ်လတ် လာလီဂါချန်ပီယံဆုအပြင် အသင်းအတွက် စံချိန်တင် ၁၅ ကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလားရယူထားနိုင်တဲ့ မက်ဒရစ်အခြေစိုက်ကလပ်အသင်း တစ်ခုဆီ ရောက်ရှိလာပါလိမ့်မယ်။ စပိန်နိုင်ငံရဲ့မြို့တော်ဆီ အမ်ဘာပေရောက်ရှိလာပြီးနောက် ဘရာဇီးတိုက်စစ်မှူး ဗင်နီးစီးယက်စ်၊ ရိုဒရီဂိုနဲ့ အသစ်ခေါ်ယူထားတဲ့ အန်းဒရစ်ခ်၊ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ ဘယ်လင်ဟမ်တို့နဲ့အတူ စိတ်လှုပ်ရှားစရာအလားအလာကောင်းတွေကြောင့် ရီးရဲလ်မက်ဒရစ်ရဲ့ခေတ်သစ်ကြယ်စင်စုအသင်းအဖြစ် တင်စားခေါ်ဝေါ်မှုတွေလည်း ရှိလာခဲ့ပါတယ်။
 
အမ်ဘာပေက ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်း ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ နှုတ်အားဖြင့် သဘောတူခဲ့ပြီး မေလအတွင်းမှာတော့ ရာသီကုန်ဆုံးချိန် ပြင်သစ်ချန်ပီယံတွေနဲ့ လမ်းခွဲမယ်လို့ တရားဝင်ကြေညာခဲ့ပါတယ်။ သူက ၂၀၁၇ ခုနှစ်၊ မိုနာကိုအသင်းဆီမှ ပြောင်းရွှေ့လာပြီးနောက် ပါရီအခြေစိုက်ကလပ်အတွက် ၂၅၆ ဂိုးအထိ သွင်းယူပေးကာ ပီအက်စ်ဂျီအသင်းသမိုင်းတလျှောက် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။
 
ကလပ်အသင်းအဆင့်မှာ အမ်ဘာပေက လီဂူးဝမ်းချန်ပီယံဆုကို ခုနစ်ကြိမ် (မိုနာကိုနဲ့ ၁ ကြိမ်၊ ပီအက်စ်ဂျီနဲ့ ၆ ကြိမ်) ဆွတ်ခူးနိုင်ခဲ့ပြီး ပြင်သစ်ရှုံးထွက်ဖလားချန်ပီယံအဖြစ်လည်း လေးကြိမ်တိုင်အောင်ပွဲခံနိုင်ခဲ့ပါတယ်။
 
ပြင်သစ်ကြယ်ပွင့်က အာဂျင်တီးနားကို ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အရေးနိမ့်ကာ ဒုတိယဆုနဲ့သာကျေနပ်ခဲ့ရတဲ့ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ရွှေဖိနပ်ဆုဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အမ်ဘာပေက ချန်ပီယံလိဂ်ဆုဖလား အောင်မြင်မှုနဲ့တော့ ဝေးကွာနေဆဲဖြစ်ပြီး ဥရောပချန်ပီယံဖြစ်လေ့ဖြစ်ထရှိတဲ့ အသင်းနဲ့အတူ သူ့ရဲ့မျှော်လင့်ချက်တွေ ပြည့်ဝလာမယ်လို့ ယုံကြည်နေပါလိမ့်မယ်။