ခွဲစိတ်မှုအောင်မြင်ပြီး နောက်တစ်ကြိမ်ပြန်လည်မွေးဖွားလာခဲ့ပြီလို့ ကြွေးကြော်လိုက်တဲ့ ရိုဒရီဂို
ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမားရိုဒရီဂိုက အခုသီတင်းပတ်အတွင်း ပြုလုပ်ခဲ့တဲ့ ဒူးအရွတ်ခွဲစိတ်ကုသမှု အောင်မြင်ခဲ့တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ်ကစားသမားမှာ ဒူးအရွတ်စုတ်ပြဲဒဏ်ရာရှိနေတယ်လို့ အခုလအစောပိုင်းမှာပဲ ရီးရဲလ်မက်ဒရစ်အသင်းက ကြေညာခဲ့ပြီး တကယ်ကို စိတ်မကောင်းစရာ ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။
အခုဒဏ်ရာကြောင့် ရိုဒရီဂိုက ရာသီကုန်အထိ အနားယူရဖို့ရှိနေသလို ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့လည်း လွဲချော်သွားခဲ့ပါတယ်။ ဒါကြောင့် ဘရာဇီးအသင်းက တိုက်စစ်ပိုင်းအတွက် အသင်းသမိုင်းတလျှောက်သွင်းဂိုးအများဆုံးကစားသမားဖြစ်သူ နေမာကိုပဲ အားကိုးသွားရပါတော့မယ်။
ခွဲစိတ်မှုအပြီးမှာတော့ ရိုဒရီဂိုက လူသစ်တစ်ယောက်လို ခံစားနေရပြီး ရာသီသစ်မစတင်ခင်မှာ ကြံ့ခိုင်မှု ပြန်လည်ကောင်းမွန်လာဖို့ အာရုံစိုက်သွားမယ်လို့ ဆိုပါတယ်။
"ဒီနေ့မှာ ဇာတ်လမ်းအသစ်တစ်ခု စတင်ပါပြီ။ ရိုဒရီဂို အသစ်တစ်ယောက် မွေးဖွားလာခဲ့ပါပြီ။ ဒီလုပ်ငန်းစဉ်တစ်ခုလုံးကို ဖြတ်သန်းသွားဖို့ အဆင်သင့်ဖြစ်နေသလို ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာတွေကိုလည်း ခံယူသွားပါမယ်။ အားပေးစကားပေးပို့ခဲ့ကြသူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် ခွဲစိတ်မှုမှာ အရာအားလုံးအဆင်ပြေသွားခဲ့ပါပြီ" လို့ သူက ဆိုပါတယ်။
၂၀၂၇ ခုနှစ်အစောပိုင်းမှာ ရိုဒရီဂိုဘောလုံးပြန်ကစားနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။
ရိုဒရီဂိုက ကာတာမှာကျင်းပခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဘရာဇီးအသင်းအတွက် ငါးပွဲအထိ ပါဝင်ကစားပေးခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းအန်ဆယ်လော့တီကိုင်တွယ်နေတဲ့ ဘရာဇီးအသင်းက ဇွန် ၁၃ ရက်မှာ မော်ရိုကိုအသင်းနဲ့ အုပ်စုအဖွင့်ပွဲစဉ်၊ အဲ့ဒီနောက်မှာတော့ ဟေတီ၊ စကော့တလန်တို့နဲ့ လက်ကျန်အုပ်စုပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားသွားရပါမယ်။