အပြောင်းအရွှေ့သတင်းတွေကြားထဲမှာ ပြင်သစ်လိဂ်ဆီ ပြန်သွားဖို့ အရိပ်အမြွက်ပြလိုက်တဲ့ ချဲလ်ဆီးကြယ်ပွင့်ဟောင်း ကန်တေ
အန်ဂိုလို ကန်တေက ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလတုန်းက ပဲရစ် FC အသင်းကို ပြောင်းရွှေ့ဖို့ တကယ်ကို ဖြစ်နိုင်ခြေရှိခဲ့ကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။
အသက် ၃၄ နှစ် အရွယ်ရှိနေပြီ ဖြစ်ပေမဲ့လည်း ဒီကွင်းလယ်လူကို အသင်းတော်တော်များများက လိုချင်နေကြဆဲ ဖြစ်ပါတယ်။ သူဟာ အခုရာသီအစကို ဆော်ဒီပရိုလိဂ်က အယ်လ်အစ်တီဟတ်အသင်းမှာ စတင်ခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလမှာတော့ ဖီနာဘာချီအသင်းဆီ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။
ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ကိုလံဘီယာအသင်းတို့ ကစားမယ့် ခြေစမ်းပွဲမတိုင်ခင်မှာ ကမ္ဘာ့ဖလားဆုရှင် ကန်တေက အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ ရှိခဲ့ကြောင်း ဝန်ခံခဲ့သလို အနာဂတ်မှာ ပြင်သစ်နိုင်ငံဆီ ပြန်သွားနိုင်တယ်လို့လည်း အရိပ်အမြွက် ပြောဆိုခဲ့ပါတယ်။
"တခြားကလပ်အသင်းတွေလိုပဲ ပြီးခဲ့တဲ့ နွေရာသီတုန်းက ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဖြစ်မလာခဲ့ပါဘူး။ အခုလို စိတ်ဝင်စားခံရတာကိုလည်း ကျေးဇူးတင်ပါတယ်" လို့ ၎င်းက ဆိုပါတယ်။
ဒါ့အပြင် ကန်တေက "ဘာလို့ ပြင်သစ်မှာပဲ ကစားသမားဘဝကို အဆုံးမသတ်နိုင်ရမှာလဲ၊ ဘာမဆို ဖြစ်လာနိုင်တာပဲလေ" လို့လည်း ဆက်လက်ပြောကြားခဲ့ပါတယ်။