The network connection is lost.

Banner Image

ကန်တေရဲ့အပြောင်းအရွှေ့မှာ ကြီးမားတဲ့အခန်းကဏ္ဍမှ ပါဝင်ပတ်သက်ပေးခဲ့တဲ့ တူရကီသမ္မတအာဒိုဂန်ကို ဖီနာဘာချီအသင်း ချီးကျူးဂုဏ်ပြု

ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားကန်တေက ဆော်ဒီပရိုလိဂ်ကလပ်အယ်လ်အစ်တီဟတ်မှ တူရကီပြည်တွင်းကလပ် ဖီနာဘာချီဆီ ပြောင်းရွှေ့လာခဲ့ပါပြီ။ ဒီအပြောင်းအရွှေ့မှာ တူရကီသမ္မတအာဒိုဂန်ရဲ့ တိုက်ရိုက်ကူညီပံ့ပိုးမှုက အဓိကကျခဲ့တယ်လို့ ဖီနာဘာချီအသင်းက ဗုဒ္ဓဟူးနေ့မှာ အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

လာမယ့်လမှာ အသက် ၃၅ နှစ်ပြည့်တော့မယ့် ကမ္ဘာ့ဖလားဆုရှင်ကန်တေက အစောပိုင်းကတည်းက အစ္စတန်ဘူလ်ဆီ ပြောင်းရွှေ့ဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အမှားအယွင်းတစ်ခုကြောင့် အပြောင်းအရွှေ့ပျက်ပြယ်တော့မယ့် အခြေအနေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ကွန်တေရဲ့ စာချုပ်သက်တမ်း အသေးစိတ်ကိုတော့ တရားဝင် ထုတ်ဖော်ခြင်း မရှိသေးပါဘူး။ ပရီးမီးယားလိဂ်ဖလားနှစ်ကြိမ်ရရှိထားတဲ့ ကွင်းလယ်လူအတွက်တော့ ဒီအပြောင်းအရွှေ့ဟာ ပြင်သစ်လက်ရွေးစင်အသင်းရဲ့ကမ္ဘာ့ဖလားလူစာရင်းမှာပါဝင်ခွင့်ရဖို့ အခွင့်အရေးတစ်ရပ်ဖြစ်လာနိုင်ပါတယ်။

သမ္မတအာဒိုဂန်က ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ဆော်ဒီအာရေဗျနိုင်ငံဆီ နှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သွားရောက်ခဲ့ပြီး ယင်းခရီးစဉ်အတွင်း ကန်တေရဲ့အပြောင်းအရွှေ့အတွက် အကူအညီပေးခဲ့ဟန် ရှိပါတယ်။

"ကမ္ဘာ့ဘောလုံးလောကရဲ့ထင်ရှားတဲ့ကစားသမားတစ်ဦးဖြစ်သူ ကန်တေကို ကျွန်တော်တို့အသင်းက အောင်အောင်မြင်မြင် ခေါ်ယူနိုင်ခဲ့ပါပြီ" လို့ ဖီနာဘာချီဥက္ကဋ္ဌ ဆာဒက်တင်ဆာရန်က ပြောကြားခဲ့ပါတယ်။

"ဒီလုပ်ငန်းစဉ် အပြုသဘောဆောင်တဲ့ ရလဒ်ထွက်ပေါ်လာဖို့အတွက် အဖိုးတန်တဲ့ ပံ့ပိုးကူညီမှုတွေပေးခဲ့တဲ့ သမ္မတအာဒိုဂန်ကို ကျွန်တော့်ကိုယ်တိုင်ရော ကလပ်အသင်းကပါ အထူးကျေးဇူးတင်ရှိပါတယ်။ ဒါဟာ ဖီနာဘာချီအသင်းနဲ့ တူရကီဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အများကြီး အထောက်အကူဖြစ်စေပါလိမ့်မယ်" လို့လည်း ၎င်းက ဖွင့်ဟခဲ့ပါတယ်။

တူရကီလိဂ်ချန်ပီယံဆုကို ၁၉ ကြိမ်တိုင်တိုင် ရရှိထားတဲ့ ဖီနာဘာချီဟာ အခုဆောင်းရာသီ အပြောင်းအရွှေ့ကာလအတွင်းမှာ ကွန်တေရဲ့ ပြင်သစ်အသင်းဖော်ဂမ်ဒူဇီကိုလည်း ခေါ်ယူထားခဲ့ပါသေးတယ်။

လက်ရှိမှာ ဖီနာဘာချီဟာ အစ္စတန်ဘူလ်မြို့ခံပြိုင်ဘက် ဂါလာတာစာရေးအသင်းနဲ့ လိဂ်ချန်ပီယံဆုအတွက် အကြိတ်အနယ် ယှဉ်ပြိုင်နေရပါတယ်။ ဒါ့အပြင် လာမယ့်လနှောင်းပိုင်းမှာ ယူရိုပါလိဂ်၊ ရှုံးထွက်ပလေးအော့ဖ်ပွဲစဉ်အဖြစ် အင်္ဂလန်ကလပ် နော်တမ်ဟမ်ဖောရက်စ်အသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။