တံကောက်ကြောဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့လွဲချော်ရမယ့်အန္တရာယ်ကို ရင်ဆိုင်နေရတဲ့ မီလီတာအို
တံကောက်ကြော (hamstring) ဒဏ်ရာရရှိသွားတဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဘရာဇီးလ်နောက်ခံလူမီလီတာအိုက လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့လွဲချော်ရမယ့် အန္တရာယ်ကို အပြင်းအထန်ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့အင်္ဂါနေ့၊ အလာဗက်စ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်မပြီးဆုံးခင် ဘောလုံးယှဉ်လုရင်း မီလီတာအိုမှာ ဒဏ်ရာပြဿနာစတင်ခံစားခဲ့ရပြီး လူစားလဲပေးဖို့ ချက်ချင်းအချက်ပြခဲ့တယ်လို့ ရီးရဲလ်မက်ဒရစ်အသင်းမှ အတည်ပြုခဲ့ပါတယ်။
ပွဲစဉ်အပြီး ရီးရဲလ်မက်ဒရစ်နည်းပြအာဘီလိုအာက ဒဏ်ရာအခြေအနေနဲ့ပတ်သက်လို့ အကောင်းမြင်စကားတွေ ပြောခဲ့ပေမဲ့ MRI စစ်ဆေးချက်တွေအရ မီလီတာအိုရဲ့ဘယ်ဘက်တံကောက်ကြောမှာ ကြွက်သားဒဏ်ရာရရှိနေတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။
စပိန်ရေဒီယို COPE ရဲ့ ဦးစွာဖော်ပြချက်အရ ဒါက ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း ရရှိခဲ့တဲ့ ဒဏ်ရာဟောင်း ပြန်ပေါ်ပေါက်လာခြင်းဖြစ်ပြီး ခွဲစိတ်မှုလုပ်ဖို့အထိ လိုအပ်နိုင်လို့ ရက်ပေါင်း ၅၀ တောင် မလိုတော့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်သွားနိုင်တယ်လို့ သိရတယ်။ ဒီသတင်းကိုပဲ ရိုက်တာသတင်းဌာနက သတင်းရင်းမြစ်မျိုးစုံဆီမှ အတည်ပြုနိုင်ခဲ့ပါတယ်။
အသက် ၂၈ နှစ်အရွယ်နောက်ခံလူအတွက် အခုအချိန်မှာတော့ စိုးရိမ်တကြီးစောင့်ဆိုင်းနေရပြီး လာမယ့် တနင်္လာနေ့မှာ ရီးရဲလ်မက်ဒရစ်အသင်းဆရာဝန်တွေနဲ့အတူ နောက်ထပ်စစ်ဆေးမှုတွေ ထပ်မံပြုလုပ်သွားဖို့ရှိသလို ရှေ့ဆက်လုပ်ဆောင်မယ့် အစီအစဉ်တွေကိုလည်း အဲ့ဒီနေ့မှာပဲ အပြီးသတ်ဆုံးဖြတ်ချက်ချပြီး ထုတ်ပြန်သွားမယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
အခုဒဏ်ရာက ပြီးခဲ့တဲ့ဘောလုံးရာသီတွေမှာ ဒူးအရွတ်စုတ်ပြဲဒဏ်ရာနှစ်နှစ်ဆက်ခံစားခဲ့ရဖူးတဲ့ ဘရာဇီးဗဟိုနောက်ခံလူအတွက် နောက်ထပ်ရိုက်ခတ်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။