The network connection is lost.

Banner Image

မန်ချက်စတာယူနိုက်တက်ရဲ့ရှုံးနိမ့်မှုကို ဒိုင်လူကြီးတွေ မမြင်ချင်ကြဘူးလို့ ဖူလ်ဟမ်နည်းပြအာဘီလိုအာ ပြောဆို

မန်ချက်စတာယူနိုက်တက်နဲ့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ တနင်္ဂနွေနေ့ပရီးမီးယားလိဂ်ပွဲစဉ်အပြီး ဖူလ်ဟမ်နည်းပြအာဘီလိုအာက ဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လို့ လုံး၀မကျေနပ်ခဲ့ပါဘူး။

သရဲနီတွေက ၂၀၀၉ ခုနှစ်၊ ဆာအဲလက်စ်ဖာဂူဆန်ခေတ်ကတည်းက ကရာဗန်ကော့တေ့ချ်ကွင်းမှာ လုံး၀မရှုံးနိမ့်ခဲ့ဖူးပါဘူး။ လက်ရှိယူနိုက်တက်နည်းပြမိုက်ကယ်ကာရစ်ဆိုရင်လည်း ဒီပွဲစဉ်တွေမှာ ပါဝင်ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။
 
တနင်္ဂနွေနေ့ပွဲစဉ်မှာတော့ လီဆန်ဒရိုမာတီနက်ဇ်ရဲ့ ပွဲချိန် ၆၃ မိနစ် Own Goal ကြောင့် ဖူလ်ဟမ်အတွက် အမှတ်ရစရာနိုင်ပွဲတစ်ခုဖြစ်ပေါ်လာဖို့ နီးစပ်ခဲ့ပါတယ်။

ဒါပေမဲ့ ကွန်ဟာရဲ့ပွဲချိန်နှောင်းပိုင်းကန်ချက်က လမ်းကြောင်းပြောင်းဂိုးဝင်သွားခဲ့လို့ ဖူလ်ဟမ်ရဲ့အိပ်မက်ပျက်ပြယ်သွားခဲ့ပြီး အနိုင်သုံးမှတ်အစား သရေတစ်မှတ်သာ ရရှိခဲ့ပါတယ်။
 
ပွဲစဉ်အပြီး Sky Sports နဲ့တွေ့ဆုံချိန် ဖူလ်ဟမ်နည်းပြအာဘီလိုအာက အခုပွဲစဉ်အပေါ် သရဲနီတွေကြုံတွေ့ခဲ့ရတဲ့ မန်ချက်စတာဒါဘီအငြင်းပွားဖွယ်ရှုံးနိမ့်မှုရဲ့ သက်ရောက်မှု ရှိခဲ့တယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။
 
အာဘီလိုအာက "ကျွန်တော်တို့ နိုင်ပွဲရဖို့အတွက် အလွန်နီးစပ်ခဲ့ပါတယ်။ နောက်တစ်ကြိမ် ကံမကောင်းတာမျိုး ဖြစ်ပေမဲ့ အသင်းကြီးတစ်ခုနဲ့ရင်ဆိုင်ရတာ ခက်ခဲမယ်ဆိုတာ သိရှိထားသလို ပွဲစဉ်တလျှောက်လုံး ဒိုင်လူကြီး ဘာတွေလုပ်ဆောင်နေခဲ့လဲဆိုတာကိုလည်း ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်" လို့ ပြောပါတယ်။
 
ဒိုင်လူကြီးနဲ့ပတ်သက်ပြီး ဖူလ်ဟမ်နည်းပြက " ပြိုင်ဘက်အတွက် အသာစီးရစေမယ့် ဆုံးဖြတ်ချက်တွေ အများကြီး ရှိခဲ့ပါတယ်။ မက်ဂွါရီရဲ့ပြစ်ဒဏ်ဘောမှာဆိုရင် ဒါကို မြင်တွေ့နိုင်ပါတယ်။ ဆုံးဖြတ်ချက်တိုင်းက ကျွန်တော်တို့နဲ့ဆန့်ကျင်ဘက်ဆီမှာပါပဲ။ မန်စီးတီးနဲ့ပွဲစဉ်အပြီး ဒိုင်လူကြီးတွေက မန်ချက်စတာယူနိုက်တက်ရှုံးနိမ့်မယ့်ကိစ္စကို မမြင်ချင်ကြဘူးဆိုတာ ကျွန်တော် သိထားခဲ့ပါတယ်"
 
"ကျွန်တော်တို့အတွက် ပထမဆုံးနိုင်ပွဲနဲ့ အလွန်နီးစပ်ခဲ့လို့ အခုတော့ အနည်းငယ်စိတ်ပျက်မိပါတယ်"
 
"ကျွန်တော်တို့ ကောင်းမွန်တဲ့ပွဲစဉ်တစ်ခုကို ဖန်တီးနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဇယားအောက်ခြေမှာ ရှိနေတဲ့ ကျွန်တော်တို့အတွက် သေချာပေါက် မလွယ်ကူတဲ့ ပွဲစဉ်ဖြစ်ပေမဲ့ ဘောလုံးရထားချိန်မှာ စရိုက်လက္ခဏာကောင်းတွေ မြင်တွေ့ခဲ့ရပါတယ်။ ခံစစ်ကစားရတဲ့ အချိန်တွေ ရှိခဲ့ပေမဲ့ ယေဘုယျအားဖြင့်တော့ ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်"
 
"ကျွန်တော်တို့က ပြိုင်ဘက်ရဲ့တိုက်စစ်ခံစစ်အကူးအပြောင်းနဲ့ တန်ပြန်တိုက်စစ်တွေကို ထိန်းချုပ်ချင်ခဲ့ပါတယ်။ သူတို့က ကစားသမားအများကြီးကို အတွင်းမှာ စုပြုံထားတက်ပြီးကျွန်တော်တို့ကွင်းလယ်လူတွေရဲ့နောက်ကွက်နေရာလွတ်တွေကို ထိန်းချုပ်ဖို့ လိုအပ်ခဲ့ပါတယ်"
 
"တခါတရံမှာ သူတို့ နေရာလွတ်တွေ တွေ့သွားတတ်ကြပါတယ်။ ဒါက အသင်းကြီးတစ်ခုနဲ့ ရင်ဆိုင်ရတဲ့ ခက်ခဲတဲ့ပွဲစဉ်တစ်ခုဖြစ်ပြီး ကျွန်တော့်အမြင်အရတော့ ရာသီကုန်မှာ သူတို့တွေ အမှတ်ပေးဇယားထိပ်ပိုင်းအနီး ရှိနေပါဦးမယ်"
 
"အခုတော့ ကျွန်တော်တို့ ပထမဆုံးနိုင်ပွဲကို ရှာဖွေရပါမယ်။ ကျွန်တော်တို့ရဲ့ ပထမဆုံးငါးပွဲကို ကြည့်မယ်ဆိုရင် မန်ယူ၊ ချဲလ်ဆီး၊ အန်ဖီးလ်နဲ့ ဆန်းဒါးလန်းကွင်းတွေမှာ ကစားခဲ့ပြီးပါပြီ။ လာမယ့်အောက်တိုဘာလကတော့ ကျွန်တော်တို့အတွက် အလွန်အရေးကြီးလာပါလိမ့်မယ်"
 
"ကျွန်တော်တို့ ဘယ်လိုအသင်းမျိုး ဖြစ်ချင်သလဲဆိုတာကို ပြသနိုင်ခဲ့ပြီး ဒီပုံစံအတိုင်းသာ ကစားမယ်ဆိုရင် နိုင်ပွဲတွေ ရောက်ရှိလာမယ်ဆိုတာ သေချာပါတယ်" လို့ ဆိုပါတယ်။