ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့ပေမဲ့ ဖူလ်ဟမ်ကစားသမားတွေအတွက် ဂုဏ်ယူမိတယ်လို့ အာဘီလိုအာ ပြောကြား
ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် ကရာဗန်ကော့တေ့ချ်ကွင်းမှာ ချဲလ်ဆီးနဲ့ရင်ဆိုင်ရချိန် ၂-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပေမဲ့ ဖူလ်ဟမ်အသင်းနည်းပြအာဘီလိုအာကတော့ သူ့အသင်းအတွက် အခုရလဒ်ထက်ပိုပြီး ထိုက်တန်မှုရှိခဲ့တယ်လို့ ယုံကြည်နေပါတယ်။
အခုပွဲစဉ်မှာ ချဲလ်ဆီးက အဖိုးတန်အဝေးကွင်းအနိုင်သုံးမှတ် အပြည့်ရရှိခဲ့ပေမဲ့ ဖူလ်ဟမ်ကတော့ ဘောလုံးရာသီသစ်ကို အရှုံးရလဒ်နဲ့ စတင်လိုက်ရပါတယ်။
ဒါပေမဲ့ အာဘီလိုအာက ပွဲချိန်အစောပိုင်းဦးဆောင်ဂိုး ပေးလိုက်ရပြီးနောက် စိတ်ဓာတ်ကောင်းတွေ ပြသခဲ့သလို တိုက်စစ်ဆင်ကစားမယ့် ရည်မှန်းချက်တွေကိုလည်း လက်မလွှတ်ခဲ့တဲ့ ကစားသမားတွေအပေါ် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
"ကျွန်တော်တို့အတွက် အခုရလဒ်ထက်မက ပိုမိုရရှိဖို့ ထိုက်တန်ပေမဲ့ ဘောလုံးဆိုတာ ထိုက်တန်မှုဆိုတာထက် ဘာတွေ ယူဆောင်နိုင်မလဲဆိုတာအပေါ် မူတည်နေပါတယ်" လို့ စပိန်လူမျိုးနည်းပြက ပရီးမီးယားလိဂ်ဝက်ဘ်ဆိုဒ်ဆီ ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့မှာ ပြုပြင်ပြောင်းလဲရမယ့်အရာတွေ အများကြီးရှိပေမဲ့ စိတ်ဓာတ်ကောင်းတွေ၊ ရည်မှန်းချက်တွေနဲ့အတူ အခုပုံစံအတိုင်းပဲ ဆက်ကစားသွားရပါမယ်။
ကျွန်တော်တို့က ကိုယ်ပိုင်ကစားဟန်ကို ပြသနိုင်ခဲ့ပါတယ်။ ပြိုင်ဘက်က စောစောစီးစီး ဦးဆောင်ဂိုးသွင်းယူသွားခဲ့သလို ပထမပိုင်းပြီးခါနီးနဲ့ ဒုတိယပိုင်းအစတွေမှာပါ ဂိုးတွေ ထပ်သွင်းယူသွားပေမဲ့ ကျွန်တော်တို့ ပွဲစဉ်အတွင်းမှာ ဆက်ရှိနေခဲ့ပါတယ်။
ဒါက စီမံကိန်းအသစ်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့အတွက် အသင်းကိုပဲ့ကိုင်ပေးဖို့ အချိန်အများကြီးမရှိပေမဲ့ ဒီပုံစံအတိုင်းသာ ဆက်ကစားသွားမယ်ဆိုရင် ပွဲစဉ်အများစုကို အနိုင်ရရှိသွားနိုင်ပါတယ်။
ကျွန်တော်ကစားသမားတွေအတွက် ဂုဏ်ယူမိသလို တကယ်လည်း ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့ရှေ့မှာ ဘယ်လိုပြိုင်ဘက်မျိုးပဲရှိနေပါစေ၊ အခုပုံစံအတိုင်းပဲ ကစားသွားရပါမယ်" လို့ ဆိုပါတယ်။