The network connection is lost.

Banner Image

အလွန်ဆိုထွက်ခွာသွားပြီး နည်းပြသစ်အဖြစ် အာဘီလိုအာ တာဝန်ယူမယ်လို့ အတည်ပြုကြေညာလိုက်တဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းက ဘာစီလိုနာကို ၃-၂ ဂိုးဖြင့် အရေးနိမ့်ခဲ့တဲ့ စပိန်စူပါဖလားဗိုလ်လုပွဲအပြီး ဇာဘီအလွန်ဆိုနဲ့လမ်းခွဲကာ အာဘီလိုအာကို နည်းပြသစ်အဖြစ် တာဝန်ပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း လေဗာကူဆင်မှ ရီးရဲလ်မက်ဒရစ်ဆီရောက်ရှိလာတဲ့ အလွန်ဆိုက ဗင်နီစီးယက်စ်ရဲ့ ပွဲကစားချိန်နဲ့ပတ်သက်လို့ ကာလရှည်အငြင်းပွားမှုနဲ့အတူ အသင်းအဝတ်လဲခန်းထောက်ခံမှုအပြည့်အဝရရှိဖို့ ရုန်းကန်ခဲ့ရပြီး ရီးရဲလ်မက်ဒရစ်ရဲ့ရာသီဝက်စွမ်းဆောင်ရည်အပိုင်းကိုလည်း အများရဲ့အာရုံစိုက်မှုတွေ ရှိလာခဲ့ပါတယ်။

ကစားသမားတွေရဲ့ထောက်ခံမှုနည်းပါးခြင်းအပြင် လာလီဂါချန်ပီယံပြေးလမ်းမှာ ရုန်းကန်နေရခြင်းတို့ကြောင့် စပိန်သားမှာ ဖိအားတွေအောက်ရောက်ရှိခဲ့ပေမယ့် ၂၀၂၆ ခုနှစ်၊ ပထမဆုံးရက်သတ္တပတ်အတွင်း အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းတိုးတက်လာလို့ အလွန်ဆိုရဲ့နည်းပြတာဝန် စိတ်ချရပုံပေါ်လာပါတယ်။
ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်က ဘာစီလိုနာကိုရှုံးနိမ့်ခဲ့တဲ့စပိန်စူပါဖလားဗိုလ်လုပွဲအပြီး တစ်ရက်အကြာမှာပဲ အလွန်ဆိုရဲ့မက်ဒရစ်ကလပ်နည်းပြသက်တမ်း ကုန်ဆုံးပြီလို့ တရားဝင်ကြေညာခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ကြေညာချက်မှာ “ စီနီယာအသင်းနည်းပြအဖြစ် အလွန်ဆိုရဲ့အချိန်တွေကို အဆုံးသတ်ကြဖို့ ကလပ်အသင်းနဲ့ အလွန်ဆိုအကြား နှစ်ဖက်သဘောတူညီမှုရရှိပြီလို့ အတည်ပြုလိုပါတယ်။ ဇာဘီအလွန်ဆိုက ရီးရဲလ်မက်ဒရစ်ရဲ့ဂန္တဝင်တစ်ဦးဖြစ်သလို ကလပ်အသင်းရဲ့တန်ဖိုးတွေကို အမြဲတမ်းကိုယ်စားပြုနေလို့ မက်ဒရစ်ပရိသတ်အားလုံးရဲ့ချစ်ခင်လေးစားမှုကို အစဉ်အမြဲရရှိနေပါလိမ့်မယ်။ ရီးရဲလ်မက်ဒရစ်ဆိုတာ သူ့အတွက် အိမ်ပါပဲ။

ဒီကာလအတွင်း ကြိုးစားအားထုတ်မှုနဲ့ စေတနာကြောင့် အလွန်ဆိုနဲ့ သူ့ရဲ့နည်းပြအဖွဲ့ဝင်အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ လာမယ့်ခရီးလမ်းသစ်မှာလည်း ကံကောင်းခြင်းတွေနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းပေးပါတယ်”လို့ ဖော်ပြထားပါတယ်။

အလွန်ဆိုရဲ့နေရာမှာ ပြီးခဲ့တဲ့နှစ်၊မေလကတည်းက ရီးရဲလ်မက်ဒရစ်(ဘီ)အသင်းကို တာဝန်ယူနေတဲ့ အသင်းဖော်ဟောင်းအာဘီလိုအာ ရောက်ရှိလာပါလိမ့်မယ်။ ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးကစားသမားဟောင်းအာဘီလိုအာက ၂၀၂၀ ပြည့်နှစ်မှာ နည်းပြတစ်ဦးအဖြစ် မက်ဒရစ်အခြေစိုက်ကလပ်အသင်းဆီ ရောက်ရှိလာပြီး ယူ-၁၄ အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့ပါတယ်။ နောက်နှစ်နှစ်အကြာမှာတော့ အာဘီလိုအာက ယူ-၁၉ အသင်းနည်းပြ ဖြစ်လာခဲ့ပါတယ်။

နောက်ပိုင်းမှာ ရီးရဲလ်မက်ဒရစ်(ဘီ)အသင်းကို အာဘီလိုအာဦးဆောင်ခဲ့ပြီး သူ့လက်အောက်မှာ အသင်းက ၁၉ ပွဲကစား၊ ၁၀ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၈ ပွဲရှုံးဆိုတဲ့ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ သူက လူငယ်အသင်းနည်းပြသက်တမ်းတလျှောက် လိဂ်ချန်ပီယံဆုနဲ့ ဆုဖလားများစွာ ဆွတ်ခူးရရှိခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အတွက် ၁၅၈ ပွဲအထိ ပါဝင်ကစားဖူးတဲ့ အလွန်ဆိုက လက်ရှိဘရာဇီးနည်းပြအန်ဆယ်လော့တီရဲ့အရိုက်အရာကိုခံယူဖို့ ဇွန် ၁ ရက်မှာ သုံးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ သူက ရီးရဲလ်မက်ဒရစ်နည်းပြဘဝကို ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဖြင့် စတင်ခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်မှာ ပီအက်စ်ဂျီကို လေးဂိုးပြတ်ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာလာရပါတယ်။ အဲ့ဒီပြိုင်ပွဲကာလအတွင်းမှာတင် အလွန်ဆိုအပေါ် မကျေနပ်မှုတွေ စတင်ထွက်ပေါ်လာခဲ့ပါတယ်။

အန်ဆယ်လော့တီထက် ပိုမိုပြင်းထန်တဲ့ သူ့ရဲ့နည်းစနစ်ပိုင်းကြောင့် ရီးရဲလ်မက်ဒရစ်အဝတ်လဲခန်းအတွင်း ကစားသမားတွေကို စိတ်ဓါတ်ကျစေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး အသင်းအနေဖြင့် လေ့ကျင့်ရေးအစီစဉ်နဲ့ နည်းဗျူဟာပိုင်းအပေါ် ပိုမိုပေါ့ပါးတဲ့ပုံစံမျိုး ဖြစ်စေချင်တယ်လို့ ယူဆရပါတယ်။

ဒါပေမဲ့ အလွန်ဆိုရဲ့လာလီဂါခရီးစဉ်စတင်မှုက ကောင်းကောင်းအလုပ်ဖြစ်ခဲ့ပြီး သြဂုတ်လအတွက် အကောင်းဆုံးနည်းပြဆုပါ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒါဘီပြိုင်ဘက်အက်သလက်တီကိုမက်ဒရစ်ကို ရှုံးနိမ့်ကာ ဂျီရိုနာ၊ အယ်လ်ချီတို့နဲ့ ဆက်တိုက်သရေကျပြီးနောက် အသင်းအတွင်း မငြိမ်သက်မှုတွေ ထွက်ပေါ်လာသလို အလွန်ဆိုရဲ့အနာဂတ်နဲ့ပတ်သက်လို့ ကောလာဟလတွေ ပျံ့နှံ့လာခဲ့ပါတယ်။

ကာလတစ်ခုကျော်လွန်လာချိန် ကောလာဟလတွေ ရပ်တန့်သွားပေမယ့် ဘာစီလိုနာကိုရှုံးနိမ့်ခဲ့တဲ့ စပိန်စူပါဖလားဗိုလ်လုပွဲအပြီးမှာတော့ အလွန်ဆိုနဲ့ ရီးရဲလ်မက်ဒရစ်အကြား အဆုံးသတ်တစ်ခု ဖြစ်တည်လာခဲ့ပါတယ်။