မန်စီးတီးကွင်းလယ်လူ ချာကီကို ဝေဖန်တိုက်ခိုက်လိုက်တဲ့ ဒူဂါရီ
ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားရရှိခဲ့ဖူးတဲ့ ခရစ်စတိုဖာ ဒူဂါရီက မန်စီးတီးအသင်းရဲ့ ကွင်းလယ်လူ ရိုင်ယန်ချာကီကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ ကိုလံဘီယာအသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲအနိုင်ရမှုမှာ ချာကီရဲ့ စွမ်းဆောင်ရည်အပေါ် ဒူဂါရီက အားမရဖြစ်ခဲ့တာပါ။
သူက RMC ရေဒီယိုမှာ "ဘောလုံးဆုံးရှုံးသွားတဲ့အချိန်မှာတောင် လိုက်မလုဘဲ ဒီအတိုင်းရပ်နေနိုင်တဲ့ အဲဒီကစားသမားက ဘယ်လိုလူမျိုးလဲ? ဘောလုံးထိလိုက်တိုင်းမှာလည်း အစွမ်းပြဖို့ပဲ ကြိုးစားနေတာကကော ဘယ်သူလဲ?" လို့ မေးခွန်းထုတ်ခဲ့ပါတယ်။
ဒါ့အပြင် "ချာကီအကြောင်းကို အဲဒီလိုမျိုး အမွှမ်းတင်ပြီး ပြောနေတာတွေ ရပ်လိုက်ကြပါတော့။ သူက ကစားသမားကောင်းတစ်ယောက်ဆိုတာကိုတော့ အားလုံးလက်ခံကြပါတယ်၊ ဒါက သံသယဖြစ်စရာ မရှိပါဘူး။ ဒါပေမဲ့ အိုလီဆေး၊ ဒူယေး၊ ဒမ်ဘီလီ၊ ဘာကိုလာ နဲ့ တခြားကစားသမားတွေထက် သူက ဘာတွေများ ပိုထူးခြားနေလို့လဲ? တကယ်ကို ရပ်တန်းက ရပ်လိုက်ကြပါ" လို့ ဆိုပါတယ်။
"အခုချိန်မှာတော့ ချာကီက လူစားဝင်ကစားသမားအဆင့်မှာပဲ ရှိနေမှာဖြစ်ပြီး ပြင်သစ်အသင်းအတွက်လည်း အကျိုးရှိစေမှာပါ။ ဒါပေမဲ့ အဲဒီထက်တော့ ပိုမလာပါဘူး။ သူက ခြေစွမ်းတည်ငြိမ်ဖို့ လိုအပ်နေသေးသလို ရေရှည်မှာ အများကြီး ပိုကောင်းလာဖို့လည်း လိုပါတယ်။ သူကိုယ်တိုင် သက်သေပြဖို့၊ ပြသဖို့တွေ အများကြီး လိုပါသေးတယ်။ ချာကီဆိုတာ ဇီဒန်းမှ မဟုတ်တာ" လို့ ဒူဂါရီက ပြောကြားခဲ့ပါတယ်။