ဗင်နီစီးယက်စ်ကို လှောင်ပြောင်ခဲ့ပြီးနောက် ပြန်လည်တောင်းပန်လာတဲ့ ဆီမြွန်နီ
အက်သလက်တီကိုမက်ဒရစ်နည်းပြ ဒီယေဂိုဆီမြွန်နီဟာ ဆော်ဒီမြေမှာကျင်းပခဲ့တဲ့ စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အတွင်း မြို့ခံပြိုင်ဘက် ရီးရဲလ်မက်ဒရစ်နဲ့ထိပ်တိုက်တွေ့ဆုံရာမှာ ပြိုင်ဘက်ကစားသမား ဗင်နီစီးယက်စ်ကို လှောင်ပြောင်ပြောဆိုမှုတွေပြုလုပ်ခဲ့ပြီး ယခုအခါမှာတော့ ပြန်လည်တောင်းပန်လာခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ရီးရဲလ်က အက်သလက်တီကိုကို ၁-၂ နဲ့အနိုင်ယူပြီး နောက်တစ်ဆင့်ကို တက်လှမ်းသွားခဲ့တာဖြစ်ပါတယ်။
သတင်းတွေအရ ဆီမြွန်နီဟာ ဗင်နီစီးယက်စ်ကို "ဖလော်ရန်တီနို(ရီးရဲလ်ဥက္ကဌ)က မင်းကို အသင်းကနေထုတ်ပစ်လိမ့်မယ်၊ ငါပြောတာ မှတ်ထားလိုက်" လို့ပြောဆိုခဲ့တယ်လို့သိရပါတယ်။ ဗင်နီစီးယက်စ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ၂၀၂၇ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လောလောဆယ်အထိ သက်တမ်းတိုးဆွေးနွေးမှုတွေပြုလုပ်ဖို့ အဆင်မပြေဖြစ်နေတာကြောင့် ဆီမြွန်နီက အဆိုပါအခြေအနေကို ရည်ညွှန်းပြောဆိုခဲ့တာဖြစ်ပါတယ်။
တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ဆီမြွန်နီက "ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မစ္စတာဖလော်ရန်တီနိုနဲ့ ဗင်နီစီးယက်စ်တို့ကို ကျွန်တော်တောင်းပန်ချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်မထိန်းချုပ်နိုင်ခဲ့တာ ကျွန်တော့်အမှားဖြစ်ပြီး မှားတယ်ဆိုတာ လက်ခံပါတယ်။ တကယ်တော့ အနိုင်ရတဲ့အသင်းက နောက်တစ်ဆင့်ကိုတက်ရောက်ဖို့ ထိုက်တန်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
သူ့ရဲ့အပြုအမူက စည်းကျော်သလိုဖြစ်သွားသလားဆိုတဲ့မေးခွန်းကိုတော့ ဆီမြွန်နီက "ကျွန်တော်တောင်းပန်တယ်ဆိုတာ ပြောပြီးပါပြီ။ ဒါပေမယ့် ကျွန်တော့်ကိုခွင့်လွှတ်ပေးဖို့တော့ မတောင်းဆိုပါဘူ။ ဒီထက်ပိုပြောစရာမရှိတော့ပါဘူး" လို့တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
အက်သလက်တီကိုနဲ့ပွဲစဉ်အပါအဝင် ဗင်နီစီးယက်စ်ဟာ ၁၉ ပွဲဆက်တိုက်ဂိုးပေါက်ပျောက်ဆုံးနေတာဖြစ်ပြီး ဒုတိယပိုင်းမှာ လူစားလဲခံရချိန် ပရိသတ်တွေရဲ့လှောင်ပြောင်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ဆီမြွန်နီကလည်း ပရိသတ်တွေဘက်လှည့်ကာ ဗင်နီစီးယက်စ်ကို လှောင်ပြောင်ဖို့ အားပေးအားမြှောက်ပြုလုပ်ခဲ့သေးတယ်လို့သိရပါတယ်။
ရီးရဲလ်က်ဒရစ်နည်းပြ ဇာဘီအလွန်ဆိုကတော့ ဆီမြွန်နီရဲ့အပြုအမူနဲ့ပတ်သက်ပြီး "အားကစားစိတ်ဓာတ်မရှိဘူး" လို့ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ဟာ အက်သလက်တီကိုကိုအနိုင်ရပြီး ဗိုလ်လုပွဲသို့တက်လှမ်းနိုင်ခဲ့ပေမယ့် ဘာစီလိုနာကို ၃-၂ နဲ့အရေးနိမ့်ခဲ့တာကြောင့် ချန်ပီယံဆုဖလားနဲ့ လွဲချော်ခဲ့ရပါတယ်။