အသင်းနဲ့လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပေမဲ့ အာဆင်နယ်နဲ့ပွဲမှာ ပါဝင်နိုင်ဖွယ်မရှိသေးတဲ့ ကိုးပယ်လ်မာ
ချယ်လ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက ကိုးလ်ပယ်လ်မာဟာ မျှော်မှန်းထားတာထက် စောစီးစွာ ပြန်လည်ကစားနိုင်မယ်လို့ ပြောကြားခဲ့ပေမဲ့ တနင်္ဂနွေနေ့မှာကစားမယ့် အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကိုတော့ လွဲချော်ဖွယ်ရှိနေဆဲဖြစ်ကြောင်း သိရပါတယ်။ ပယ်လ်မာဟာ စက်တင်ဘာလမှာ ပေါင်ခြံဒဏ်ရာရရှိခဲ့ပြီးနောက် ကြံ့ခိုင်မှုအပြည့်အဝရရှိလုနီးပါးဖြစ်နေချိန်မှာ ပြီးခဲ့တဲ့အပတ်က အိမ်မှာ မတော်တဆမှုဖြစ်ပြီး ခြေချောင်းကျိုးသွားခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ အင်္ဂါနေ့မှာကစားမယ့် ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ပွဲစဉ်နဲ့ အာဆင်နယ်က စတန်းဖို့ဒ်ဘရစ်ချ်ကို လာရောက်ကစားမယ့်ပွဲစဉ်ကို လွဲချော်မယ်လို့ သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ ကလပ်အသင်းက သူ့ရဲ့ ဘယ်ဘက်ခြေထောက်အတွက် အထူးပြုလုပ်ထားတဲ့ ဖိနပ်တစ်ရံ ဖန်တီးပေးပြီးနောက် ပယ်လ်မာ ပြန်သက်သာလာမှုအပေါ် မာရက်စကာက အကောင်းမြင်နေပါတယ်။
မာရက်စ်ကာက"ဘယ်တော့လဲဆိုတာ ကျွန်တော်တို့မသိသေးပေမဲ့ မကြာခင်ပြန်လာနိုင်မှာ သေချာပါတယ်။ သူကွင်းထဲကို ရောက်နေပါပြီ၊ ဘောလုံးကိုလည်း ထိတွေ့နေပြီး ခံစားချက်က ကောင်းပါတယ်။ ကျွန်တော်တို့ ဒီကို မနက်ဖြန် ချန်ပီယံလိဂ်ပွဲစဉ်အတွက် ရောက်နေတာဖြစ်ပြီး အဲဒီနောက်မှ အာဆင်နယ်အကြောင်း စဉ်းစားပါမယ်။"လို့ ပြောခဲ့ပါတယ်။ ပယ်လ်မာ အာဆင်နယ်နဲ့ပွဲမှာ ကစားနိုင်မလားလို့ မေးတဲ့အခါ မာရက်စ်ကာက "လောလောဆယ်တော့ မထင်ပါဘူး" လို့ ဖြေကြားခဲ့ပါတယ်။