The network connection is lost.

Banner Image

အဲဗာတန်ရဲ့တိုက်ပွဲဝင်မှုပုံစံမျိုး ယူနိုက်တက်လည်း ပြသနိုင်ဖို့ မျှော်လင့်နေတဲ့ အာမိုရင်

ဒီနေ့မနက်ပိုင်း၊ ကစားသမားတစ်ဦးလျော့အဲဗာတန်ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ရူဘင်အာမိုရင်က မန်ချက်စတာယူနိုက်တက်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာတွေအတွက် ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးဘူးလို့ ပြောခဲ့ပါတယ်။ ယူနိုက်တက်က အိုးထရက်ဖို့ဒ်မှာ ဒေးဗစ်မိုရက်စ်ရဲ့အသင်းကို အနိုင်ရရှိမယ်ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်အားကောင်းလာပါလိမ့်မယ်။ ဒါပေမဲ့ အခုပွဲစဉ်အတွက် အနိုင်သုံးမှတ်က ပွဲအစ ၁၃ မိနစ်မှာတင် အသင်းဖော်မိုက်ကယ်ကိန်းအပေါ် ကိုယ်ထိလက်ရောက်စော်ကားခဲ့လို့ အနီကတ်ပြသခံရတဲ့ ဂူယီကို လက်လွှတ်ခဲ့ရတဲ့ အဲဗာတန်အတွက်သာ ဖြစ်လာခဲ့ပါတယ်။

နောက်ပိုင်းမှာလည်း အာမိုရင်က သူ့အသင်းဟာ ရှုံးနိမ့်မှုနဲ့ထိုက်တန်တယ်လို့ ပြောကြားခဲ့ပြီး မကြာသေးမီကာလအတွင်း အပေါင်းလက္ခဏာဆောင်တဲ့ စွမ်းဆောင်ရည်တွေ ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ဘောလုံးရာသီလိုပဲ ရလဒ်ဆိုးတွေနဲ့အတူ အမှတ်ပေးဇယားအဆင့်-၁၅ နေရာမှာ ရာသီသိမ်းရမယ့် အဖြစ်မျိုး ထပ်မံပေါက်ပေါက်လာမယ့်အရေးကို ကြောက်ရွံ့နေဆဲဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။

အာမိုရင်က “ ကျွန်တော်တို့က လိဂ်ရဲ့အကောင်းဆုံးနေရာတွေအတွက် တိုက်ပွဲဝင်ရမယ့်အခြေအနေမျိုးနဲ့ အနီးစပ်ဆုံးနေရာမှာတောင် မရှိနေခဲ့ပါဘူး။ ပြီးခဲ့တဲ့ငါးပတ်တာကာလအတွင်း လူတိုင်းက ကျွန်တော်တို့ရဲ့ တိုးတက်ပြောင်းလဲမှုကို ချီးကျူးနေခဲ့ကြပါတယ်။ ကျွန်တော်ကတော့ အမြဲတမ်းလိုလို အကြောင်းအရာတစ်ခုတည်းကိုသာ ပြောနေရပါတယ်။ ဒီအသင်းမှာရှိနေရမယ့်အခိုက်အတန့်မျိုးနဲ့ အနီးစပ်ဆုံးအခြေအနေကိုတောင် မရောက်ရှိလာသေးပါဘူး။ ပြီးခဲ့တဲ့ရာသီခံစားချက်မျိုး ပြန်လည်ရရှိလာမယ့်ကိစ္စကို ကြောက်ရွံ့နေပါတယ်။ ဒါက ကျွန်တော့်ရဲ့အကြီးမားဆုံးစိုးရိမ်မှု ဖြစ်ပါတယ်”လို့ ပြောပါတယ်။

အလားတူ အာမိုရင်က သူ့ရဲ့ကစားသမားတွေအပေါ် အလွန်စိတ်ပျက်နေပြီး ဂူယီထုတ်ပယ်ခံရတဲ့အထိ ဦးတည်သွားတဲ့ အဲဗာတန်ကစားသမားနှစ်ဦးရဲ့ရန်ပွဲကို မနာလိုဖြစ်မိတယ်လို့ ပြောပါတယ်။ ဒါ့အပြင် သူက အင်္ဂါနေ့၊ ကာရင်တန်လေ့ကျင့်ရေးကွင်းအတွင်း လေ့ကျင့်ရေးအစီအစဉ်တွေပြန်လည်စတင်ချိန် သူ့ရဲ့ကစားသမားတွေဆီမှာ အခုလိုစိတ်နေစိတ်ထားမျိုး မြင်တွေ့ချင်တယ်လို့ ဆိုပါတယ်။

အာမိုရင်က “ အချင်းများတယ်ဆိုတာ ဆိုးရွားတဲ့အရာတစ်ခု မဟုတ်ပါဘူး။ အချင်းများတယ်ဆိုတာက တစ်ဦးနဲ့တစ်ဦး မနှစ်သက်ဘူးလို့ အဓိပ္ပါယ်မဖွင့်ဆိုပါဘူး။ အချင်းများတယ်ဆိုတာက ဘောလုံးဆုံးရှုံးချိန် ဂိုးပေးလိုက်ရမှာဆိုးလို့ မင်းကို တိုက်ခိုက်မယ်လို့ အဓိပ္ပါယ်ရပါတယ်။ ဒီပွဲစဉ်ကို ကျွန်တော်ကြည့်ရှုခဲ့ချိန်မှာ ဒီလိုခံစားချက်မျိုး ရရှိခဲ့ပါတယ်။ ကျွန်တော်ရဲ့ကစားသမားတွေလည်း ဘောလုံးဆုံးရှုံးသွားချိန် သူတို့အချင်းချင်း တိုက်ခိုက်ကြမယ်လို့ မျှော်လင့်မိပါတယ်။ ဒါက ကောင်းမွန်တဲ့ခံစားချက်တစ်ခု ဖြစ်ပါတယ်။ မကောင်းတဲ့ခံစားချက်မျိုး မဟုတ်ပါဘူး။

ဒီလိုမျိုးတွေ ကျွန်တော်တို့လုပ်နိုင်တယ်ဆိုတာ ကျွန်တော်ရဲ့ကစားသမားတွေ ပြသထားတယ်လို့ ထပ်ပြောပါရစေ။ ဒီနေ့မှာတော့ ကျွန်တော်တို့ မလုပ်နိုင်ခဲ့ပါဘူး။ အနာဂတ်မှာ ပိုကောင်းအောင် လုပ်သွားရပါလိမ့်မယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့အားလုံး တကယ့်ကို စိတ်ပျက်မိနေပါတယ်။ မနက်ဖြန်မှာတော့ လေ့ကျင့်ရေးအစီအစဉ်ရှိပြီး လာမယ့်ပွဲစဉ်အတွက် ပြင်ဆင်သွားရပါမယ်”လို့ ပြောပါတယ်။

ယူနိုက်တက်က အဲဗာတန်ကိုရှုံးနိမ့်ပြီးနောက် အမှတ်ပေးဇယားအဆင့်-၁၀ နေရာဆီ ရောက်ရှိသွားပြီး လာမယ့်နိုဝင်ဘာ ၃၀ ရက်မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ အဝေးကွင်းပွဲစဉ်ကို ဆင်နွှဲသွားရပါမယ်။