ဘာရီရဲ့နောက်မှာ အသင်းဖော်တွေအားလုံး ဝန်းရံပေးထားတယ်လို့ မိုက်ကယ်ကိန်း အခိုင်အမာပြောကြား
အဲဗာတန်နောက်ခံလူမိုက်ကယ်ကိန်းက သူ့ရဲ့အသင်းဖော်သီယာနိုဘာရီကို အလွန်အမင်း ချီးကျူးပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီကာလမှာ ဗီလာရီးရဲလ်မှရောက်ရှိလာတဲ့ ဘာရီက နှစ်သစ်ကူးကာလနောက်ပိုင်း သူ့ရဲ့ခြေစွမ်းကောင်းတွေကို စတင်ပြသလာနိုင်ပါတယ်။
ဒါပေမဲ့လည်း သူနဲ့ခင်မင်တဲ့အာဆင်နယ်ပရိသတ်သူငယ်ချင်းတွေကို အဲဗာတန်ပရိသတ်တွေအတွက် သီးသန့်ပေးထားတဲ့ အဝေးကွင်းပွဲစဉ်လက်မှတ်တွေ ပေးခဲ့တဲ့ကိစ္စ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့သွားပြီးနောက် အငြင်းပွားစရာတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ချဲလ်ဆီးကိုအနိုင်ရတဲ့ပွဲစဉ်မှာ ပရိသတ်အချို့က ဘာရီကို လှောင်ပြောင်ခဲ့ကြပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး မိုက်ကယ်ကိန်းက Liverpool Echo ကို အခုလို ပြောပြခဲ့ပါတယ်။
"ဘာရီက အမြဲတမ်း ကြိုးကြိုးစားစားလေ့ကျင့်ပြီး ကွင်းထဲမှာ သူရရှိခဲ့တဲ့ တုံ့ပြန်မှုတွေကတော့ သိပ်ပြီး အဆင်မပြေခဲ့ဘူးဆိုတာ အမှန်ပါပဲ။ ဒီလိုအရာတွေက ဖြစ်တတ်တဲ့သဘာဝမို့ အခုအချိန်မှာ ကျွန်တော်တို့အားလုံး စည်းစည်းလုံးလုံးရှိဖို့ ပိုအရေးကြီးပါတယ်"
"တကယ်ကို စရိုက်ကောင်းတဲ့သူပါ။ ကြိုးစားလည်း ကြိုးစားသလို အသင်းအတွက် အရေးကြီးတဲ့ဂိုးတွေလည်း သွင်းပေးထားပါတယ်။ ကျန်ရှိနေတဲ့ နောက်ဆုံးခုနစ်ပွဲမှာ ကျွန်တော်တို့ သူ့ကို လိုအပ်ပါတယ်။ ဒါကြောင့် အားလုံး စည်းလုံးညီညွတ်စွာနဲ့ သူ့ကို ဝန်းရံပေးကြပြီး သူ ဂိုးတွေ ပြန်သွင်းနိုင်အောင် ကူညီပေးကြမယ်လို့ မျှော်လင့်ပါတယ်" လို့ မိုက်ကယ်ကိန်းက ဆိုပါတယ်။