ဘက်ဆစ်တပ်နဲ့ သရေကျခဲ့တာက ခရစ္စတယ်ပဲလေ့စ်အတွက် ကောင်းမွန်တဲ့ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ဆာဂီပြောကြား
ခရစ္စတယ်ပဲလေ့စ်နည်းပြ ဆာဂီက ယနေ့နံနက် ယူရိုပါလိဂ်ပွဲစဉ်မှာ ဘက်ဆစ်တပ်နဲ့ ၂ - ၂ ဂိုး သရေကျခဲ့တဲ့ ရလဒ်ကနေတစ်ဆင့် ရရှိလာတဲ့ အရှိန်အဟုန်ကို အသင်းအနေနဲ့ ရှေ့ဆက် သယ်ဆောင်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။
ဆာဂီအတွက် ခရစ္စတယ်ပဲလေ့စ်မှာ စတင်ဖြတ်သန်းရတဲ့ ဘဝက အတက်အကျတွေ များပြားနေခဲ့ပါတယ်။ ပြည်တွင်းလိဂ်မှာ နော်တင်ဟမ်ဖောရက်စ်ကို ၃ - ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ဘရိုက်တန်ကို ၅ - ၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
ယူရိုပါလိဂ်မှာလည်း အလားတူ အခြေအနေမျိုး ဖြစ်ပေါ်နေပြီး အဖွင့် သုံးပွဲကနေ တစ်ပွဲ နိုင်၊ တစ်ပွဲ သရေ၊ တစ်ပွဲ ရှုံး ရလဒ်တွေကို ရရှိထားတာ ဖြစ်ပါတယ်။
ဆာဂီက"လက်ရှိ စွမ်းဆောင်ရည်အပေါ်မှာတော့ (ကျွန်တော် ကျေနပ်ပါတယ်)၊ ဒါပေမဲ့ ရလဒ်ပိုင်းမှာတော့ ကျွန်တော်တို့ ဒီထက် ပိုကောင်းတာနဲ့ ထိုက်တန်ပါတယ်။
ဒီပွဲမတိုင်ခင် အခြေအနေကို ကျွန်တော်တို့ သတိရဖို့ လိုပါတယ်၊ တနင်္ဂနွေနေ့တုန်းက ခြေစွမ်းက ပိုဆိုးခဲ့တာဖြစ်ပြီး အခုတော့ ကောင်းမွန်တဲ့ ခြေလှမ်းတစ်ခုကို လှမ်းနိုင်ခဲ့ပါပြီ၊ အခုဆိုရင် ရှေ့ဆက်သွားပြီး တနင်္ဂနွေနေ့မှာ နယူးကာဆယ်ကို အနိုင်ယူရပါမယ်" လို့ ပြောပါတယ်။
မာတီတာရဲ့ သွင်းဂိုးနဲ့ ပတ်သက်ပြီးတော့ - "သူ့အတွက် တကယ် ပျော်မိပါတယ်။ သူ့အတွက် ကောင်းမွန်တဲ့ အခိုက်အတန့်တစ်ခုပါပဲ၊ ကွင်းထဲကနေ မထွက်ခင်လေးမှာ သူက ကစားဖို့ အပြည့်အဝ အဆင်သင့် မဖြစ်သေးပါဘူး၊ နောက်ပိုင်းမှာ သူ ပင်ပန်းနေတာကို တွေ့မြင်နိုင်ပေမဲ့ အခုလို စိတ်ဓာတ်မျိုး ထားရှိပြီး ကွင်းထဲမှာ ကိုယ့်ဘဝကို ပုံအောပေးဆပ် ကစားတဲ့အခါ ဒါဟာ ကိုယ့်အတွက် ကောင်းမွန်တဲ့ အရာပါပဲ။
တစ်ဦးချင်း စွမ်းဆောင်ရည်တွေအပေါ် ကျွန်တော်တို့ အများကြီး စိတ်ကျေနပ်မှု ရရှိခဲ့သလို အသင်းလိုက် စွမ်းဆောင်ရည်ကိုလည်း ကျွန်တော် အထူး ချီးကျူးရပါမယ်။
နောက်ဆုံးမှာတော့ ကျွန်တော်တို့ ရသင့်ရထိုက်တဲ့ ရလဒ်မျိုး မရရှိခဲ့ပေမဲ့ ကောင်းမွန်တဲ့ ပွဲတစ်ပွဲကို ဖန်တီးပြသနိုင်ခဲ့ပါတယ်" လို့ ဆိုပါတယ်။