The network connection is lost.

Banner Image

အေစီမီလန်ကို အနိုင်ရရှိပြီးနောက် ကစားသမားတွေအတွက် ဂုဏ်ယူမိကြောင်း ဘုန်းမောက်နည်းပြ မာကိုရို့စ် ပြောကြား

ဘုန်းမောက်နည်းပြ မာကိုရို့စ်က ယနေ့နံနက် ယူရိုပါလိဂ်ပွဲစဉ်မှာ အီတလီ ထိပ်သီးကလပ် အေစီမီလန်ကို ၃ - ၀ ဂိုးနဲ့ မယုံနိုင်စရာ အနိုင်ရရှိခဲ့ပြီးနောက် အတိုင်းမသိ ဝမ်းသာအားရ ဖြစ်နေခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၄ နှစ်လောက်ကမှ အင်္ဂလန်ရဲ့ လိဂ်ဝမ်း (တတိယတန်း) မှာ ကစားခဲ့ရတဲ့ ဘုန်းမောက်အသင်းက အခုဆိုရင်တော့ ဥရောပ အကြီးကျယ်ဆုံးအသင်းတွေထဲက တစ်သင်းကို သက်တောင့်သက်သာ အနိုင်ယူပြနိုင်ခဲ့ပါတယ်။

ပွဲအပြီး ယူအီးအက်ဖ်အေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ မာကိုရို့စ်က "ကျွန်တော် တကယ်ကို စိတ်ကျေနပ် ပျော်ရွှင်ရပါတယ်။ ကလပ်အသင်းအတွက် ဂုဏ်ယူမိသလို ပရိသတ်တွေအတွက် ပျော်ရွှင်ရပြီး ကစားသမားတွေအတွက်လည်း အရမ်း ဂုဏ်ယူမိပါတယ်။

ဒါဟာ ကောင်းမွန်တဲ့ ညနေခင်းတစ်ခုဖြစ်ခဲ့သလို ကောင်းမွန်တဲ့ ရလဒ်တစ်ခုနဲ့ ကဏ္ဍတိုင်းမှာ ထူးချွန်ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့က အရာရာတိုင်းမှာ တကယ့်ကို ထက်ထက်မြက်မြက် ရှိခဲ့တယ်၊ ကိုယ်ပိုင် ကစားကွက်အတိုင်း ကစားနိုင်ခဲ့ပြီး ဒါဟာ ရသင့်ရထိုက်တဲ့ အနိုင်ပွဲတစ်ခုပါပဲ။

ကျွန်တော်တို့ ပွဲထဲကို ဝင်ရောက်လာတဲ့ ပုံစံ၊ ကြိုးစားအားထုတ်မှု၊ စိတ်ဓာတ်ခံယူချက်၊ ဘောလုံးရအောင် လုယူနိုင်ခဲ့တဲ့ ပုံစံနဲ့ မီလန်အပေါ် ဖိအားပေးနိုင်ခဲ့တဲ့ ပုံစံတွေက အလွန်ကောင်းမွန်ခဲ့ပါတယ်။

ကျွန်တော်တို့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တယ်၊ စောစောစီးစီး အဖွင့်ဂိုး သွင်းနိုင်ခဲ့သလို ဖိအားကိုလည်း အမြင့်ဆုံး ဆက်လက်ထိန်းထားနိုင်ခဲ့ပါတယ်။ ဒါဟာ ဘုန်းမောက်ပါပဲ၊ ဒါဟာ ကျွန်တော်တို့ ပြသချင်ခဲ့တဲ့ အရာလည်း ဖြစ်ပါတယ်" လို့ ပြောခဲ့ပါတယ်။