မန်စီးတီးရဲ့ရှုံးပွဲအတွက် တာဝန်ယူကြောင်းပြောကြားခဲ့တဲ့ ဂွါဒီယိုလာ
ပက်ပ်ဂွါဒီယိုလာက လေဗာကူဆင်ကို ၂-၀ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ကစားသမား ၁၀ ဦးကို အပြောင်းအလဲလုပ်ခဲ့တဲ့အတွက် တာဝန်ယူကြောင်း ပြောဆိုခဲ့ပါတယ်။ ဂရီမယ်ဒိုနဲ့ ပက်ထရစ်ရှစ်ခ်တို့ရဲ့ ဂိုးတွေကြောင့် မန်စီးတီးဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ် အုပ်စုအဆင့် ဒါမှမဟုတ် လိဂ်အဆင့်မှာ အိမ်ကွင်းရှုံးပွဲနဲ့ ပထမဆုံးအကြိမ် ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
ပွဲအပြီးမှာ ဂွါဒီယိုလာက သူပြုလုပ်ခဲ့တဲ့ ကစားသမားအပြောင်းအလဲတွေဟာ များလွန်းခဲ့တယ်လို့ ဝန်ခံခဲ့ပြီး အရန်ကစားသမားတွေကို အရန်ခုံတန်းမှာပဲ ထားခဲ့သင့်တယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ ဂွါဒီယိုလာက"ပြောင်းလဲမှုတွေ အရမ်းများလွန်းခဲ့တယ်။ ရလဒ်ကိုကြည့်ရင် များလွန်းတယ်လို့ ပြောလို့ရပါတယ်။ ကျွန်တော် တာဝန်ယူပါတယ်၊ ဒါပေမဲ့ ကျွန်တော် သူတို့ကိုမြင်ပြီး လူတိုင်းပါဝင်စေချင်တယ်။ ဘောလုံးသမားတစ်ယောက်က ၅ ပွဲ၊ ၆ ပွဲ၊ ၇ ပွဲလောက် မကစားရရင် ခက်ခဲပါတယ်၊ ဒါပေမဲ့ ဒါက များလွန်းသွားခဲ့တယ်။
ကျွန်တော် အမြဲတမ်း အရမ်းကောင်းချင်ပြီး လူတိုင်းကို ပါဝင်စေချင်တယ်။ အဆင်မပြေခဲ့ပါဘူး၊ ကျွန်တော်တို့ လက်ခံရမှာပါ။ ကျွန်တော့်ဘဝမှာ ဒါမျိုး ပထမဆုံးအကြိမ်လုပ်တာဖြစ်ပြီး များလွန်းသွားခဲ့တယ်"လို့ ပြောခဲ့ပါတယ်။ ဒီရလဒ်က မန်စီးတီးရဲ့ လာမယ့်လ ရီးရဲလ်မက်ဒရစ်နဲ့အဝေးကွင်းပွဲစဉ်အပေါ် ဖိအားတွေ ပိုများစေပါတယ်။
ဆက်လက်ပြီး ဂွါဒီယိုလာက "ကျွန်တော်တို့မှာ နောက်ထပ် သုံးပွဲကျန်ပါသေးတယ်။ ဘာဖြစ်မလဲဆိုတာ ကြည့်ရမှာပါ။ အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာကို ကျွန်တော် ကြိုမခန့်မှန်းပါဘူး။ အခုတော့ အများကြီးမပြောဘဲ စိတ်တွေရှင်းပြီး လိဒ်စ်ယူနိုက်တက်နဲ့ပွဲစဉ်ကို သွားရမှာပါ"လို့ ပြောသွားခဲ့ပါတယ်။