လိဒ်စ်ကိုအဝေးကွင်းမှာအနိုင်ရခဲ့လို့ ဂုဏ်ယူမိကြောင်းပြောကြားလာတဲ့ လီဘရစ်
အင်္ဂါနေ့ညက ကစားခဲ့တဲ့ လိဒ်စ်ယူနိုက်တက်နဲ့ပွဲမှာ အနိုင်ရရှိခဲ့ပြီးနောက် ဆန်းဒါးလန်းနည်းပြ ရီဂျစ် လီဘရစ်က သူ့ရဲ့အသင်းအပေါ် အလွန်ပဲ ကျေနပ်အားရနေပါတယ်။ အီသန် အမ်ပါဒူ ဘောလုံးကို လက်နဲ့ထိခဲ့တယ်လို့ VAR က ဆုံးဖြတ်ခဲ့ပြီးနောက် ရရှိလာတဲ့ ပွဲနှောင်းပိုင်း ပင်နယ်တီကို ဟာဘစ် ဒီယာရာက အမှားအယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့တာကြောင့် ဆန်းဒါးလန်းတို့ အဖိုးတန် အနိုင်သုံးမှတ်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။
ပွဲအပြီး အင်တာဗျူးမှာတော့ လီဘရစ်က "ဘောလုံးလောကဆိုတာ ဘာဖြစ်လာမလဲဆိုတာ ကြိုတင်ခန့်မှန်းလို့ မရနိုင်ပါဘူး၊ ဒါပေမဲ့ ဒီညမှာ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အတွက် ကျွန်တော် တကယ်ကို ဂုဏ်ယူမိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
"အသင်းက စုဖွဲ့မှုအားကောင်းပြီး စိတ်ဓာတ်ကြံ့ခိုင်မှုကို ပြသနိုင်ခဲ့တာကြောင့် ဂုဏ်ယူနေတာပါ။ ခက်ခဲပြီး ပြင်းထန်တဲ့ ပွဲတစ်ပွဲဖြစ်သလို အဆုံးအဖြတ်ပေးနိုင်မယ့် အခိုက်အတန့်တွေကို ဘယ်လိုအသုံးချမလဲဆိုတာက အဓိကပါပဲ။ ကျွန်တော်တို့တွေ အခွင့်အရေးတွေကို အမိအရ ဆုပ်ကိုင်နိုင်ခဲ့ပြီး ဒါဟာ အရေးကြီးတဲ့ အနိုင်ရရှိမှုတစ်ခု ဖြစ်ပါတယ်။ လိဒ်စ်အသင်းက ပုံမှန်မဟုတ်တဲ့ ကစားကွက်မျိုးနဲ့ ကစားခဲ့တာကြောင့် သူတို့ကို ဖိအားပေးနိုင်ဖို့ ကျွန်တော်တို့ရဲ့ ကစားပုံစနစ်ကို ပြောင်းလဲပြင်ဆင်ခဲ့ရပါတယ်။"
"ကစားသမားတွေက တကယ်ကို ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီလို ကစားကွက်မျိုးကို ကြိုတင် လေ့ကျင့်ထားတာမျိုး မရှိပေမဲ့ သူတို့ လုပ်ပြနိုင်ခဲ့တာကြောင့် ကျွန်တော် တကယ်ပဲ အံ့အားသင့်မိပါတယ်။ ကျွန်တော်တို့က စိတ်ကူးအိုင်ဒီယာတွေကိုပဲ ရှင်းပြပေးခဲ့တာပါ၊ ဒါပေမဲ့ ကွင်းထဲမှာ တကယ် အကောင်အထည်ဖော် လုပ်ဆောင်ရတာက သူတို့တွေ ဖြစ်ပါတယ်။ ပွဲစတဲ့ ပထမ ၁၀ မိနစ်မှာတော့ အနည်းငယ် ရုန်းကန်ခဲ့ရပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ အကောင်းဆုံး ပုံစံကို ပြန်ရခဲ့ပါတယ်။ အသင်းသားတွေရဲ့ လိုက်လျောညီထွေရှိမှုနဲ့ ပြဿနာတွေကို အတူတကွ ပူးပေါင်းဖြေရှင်းပုံတွေအတွက် ကျွန်တော် အရမ်းဂုဏ်ယူပါတယ်" လို့ ၎င်းက ဆိုသွားခဲ့ပါတယ်။