The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌပီရက်ကိုယ်တိုင် အပြောင်းအရွှေ့ကို ပယ်ချခဲ့တယ်လို့ ဖွင့်ဟလာတဲ့ ဖလော်ရီယန်ဝစ်ဇ်ရဲ့အေးဂျင့်

လီဗာပူးတိုက်စစ်မှူးဖလော်ရီယန်ဝစ်ဇ်ရဲ့အေးဂျင့်ဖြစ်သူက ပြီးခဲ့တဲ့နွေရာသီကာလအတွင်း ဂျာမန်ကြယ်ပွင့်ကိုခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌဖလော်ရန်တီနိုပီရက်ဇ်ဆီ ကမ်းလှမ်းခဲ့ဖူးတယ်လို့ ပြောကြားလိုက်ပါတယ်။

ဗော်လ်ကာစထရုသ်က လီဗာပူးဆီ ဖလော်ရီယန်ဝစ်ဇ်မရောက်ရှိခင် လေဗာကူဆင်နည်းပြဟောင်းဇာဘီအလွန်ဆိုနဲ့အတူ ရီးရဲလ်မက်ဒရစ်ဆီ အတူတူထွက်သွားဖို့အတွက် ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့လည်း ဝန်ခံခဲ့ပါတယ်။

"ဖလော်ရီယန်ဝစ်ဇ်ကို လီဗာပူး ဒါမှမဟုတ် ဘိုင်ယန်မြူးနစ်တို့ ခေါ်ယူတော့မယ်ဆိုတဲ့ သတင်းတွေထွက်နေချိန် ကျွန်တော်က ဇာဘီအလွန်ဆိုဆီ ဖုန်းဆက်ပြီး 'ဒီကောင်လေးကို ခင်ဗျားနဲ့အတူ ရီးရဲလ်မက်ဒရစ်ကို ခေါ်သွားသင့်တယ်' လို့ ပြောခဲ့ဖူးပါတယ်" လို့ ဗော်လ်ကာစထရုသ်က အတိတ်ကအကြောင်း ပြန်ပြောပြပါတယ်။

"အလွန်ဆိုက 'ဒါ ကျွန်တော့်ဆီ ပြောလို့မရဘူး၊ ဖလော်ရန်တီနိုပီရက်ဇ်ကိုသာ သွားပြောပါ' လို့ ပြန်ဖြေပါတယ်။ ဒါကြောင့် ကျွန်တော်လည်း ပီရက်ဇ်ဆီကို 'လေးစားရပါသော ဖလော်ရန်တီနိုပီရက်ဇ်ခင်ဗျား.. ကျွန်တော် အကြိမ်ကြိမ်ပြောဖူးသလိုပဲ၊ ကျွန်တော့်ဆီမှာ တကယ်ကို အလားအလာကောင်းလွန်းတဲ့ ကစားသမားတစ်ဦး ရှိနေပါတယ်' ဆိုပြီး စာပို့ခဲ့ပါတယ်"

"တကယ်တော့ အရင်တုန်းက ရီးရဲလ်မက်ဒရစ်က အခုထက် ပိုကောင်းခဲ့တာပါ။ ဖလော်ရီယန်ဝစ်ဇ်ကတော့ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်အသင်းကိုမဆို ပိုကောင်းအောင် လုပ်ပေးနိုင်တဲ့သူဆိုတာ ရှင်းပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ရီးရဲလ်မက်ဒရစ်ရဲ့ကမ်းလှမ်းမှု ရှိမလာခဲ့ဘဲ လီဗာပူး၊ မန်စီးတီးနဲ့ ဘိုင်ယန်မြူးနစ်တို့ကပဲ တရားဝင်ကမ်းလှမ်းခဲ့ကြပါတယ်"

"အဲဒီနှစ်မှာ လူစာရင်းနဲ့ဘတ်ဂျက်အခြေအနေအရ ရီးရဲလ်မက်ဒရစ်အတွက် အချိန်ကောင်းမဟုတ်ခဲ့ဘူးလို့ ဆိုရပါလိမ့်မယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ဘဏ္ဍာတိုက်ကလည်း အမြဲတမ်းတော့ ငွေတွေပိုလျှံနေတာ မဟုတ်ဘူးလေ" လို့ ၎င်းက ဆိုပါတယ်။