လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့မသေချာသေးကြောင်း အသင်းဖော်တွေကို သတိပေးလာတဲ့ ဒါလော့
မန်ချက်စတာယူနိုက်တက် နောက်ခံလူ ဒီယေဂိုဒါလော့က အသင်းရဲ့ ချန်ပီယံလိဂ် မျှော်လင့်ချက်တွေနဲ့ ပတ်သက်ပြီး ဖွင့်ဟပြောကြားလိုက်ပါတယ်။
ဒီရာသီမှာ ပရီးမီးယားလိဂ်က ချန်ပီယံလိဂ်ဝင်ခွင့် ၅ နေရာအထိ ရရှိဖို့ ရှိနေတာကြောင့် လက်ရှိ အဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက်အတွက်တော့ လာမယ့်နှစ် ပြိုင်ပွဲဝင်ခွင့်ရဖို့က အတော်လေး သေချာသလောက် ရှိနေတာပါ။
ယာယီနည်းပြ မိုက်ကယ်ကာရစ် လက်ထက်မှာ ၇ ပွဲကစား ၆ ပွဲနိုင်ဆိုတဲ့ ရလဒ်ကောင်းတွေ ရရှိထားတဲ့ ယူနိုက်တက်ဟာ ခြေစွမ်းကောင်းတွေ ပြသနေပြီး ဒီရာသီမှာ လွဲချော်ခဲ့ရတဲ့ ဥရောပပြိုင်ပွဲဆီ ပြန်လည်ဝင်ရောက်နိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
အသင်းရဲ့ အောင်မြင်မှုတွေမှာ အဓိကနေရာက ပါဝင်နေတဲ့ ဒါလော့က ဥရောပရဲ့ ထိပ်တန်းပြိုင်ပွဲကြီးမှာ ကစားခွင့်ရတာကို အလွယ်တကူရသလိုမျိုး ပေါ့ပေါ့တန်တန် သဘောမထားသင့်ဘူးလို့ ပြောပါတယ်။
"အခုလို ရာသီမျိုးက ကျွန်တော်တို့အတွက် သင်ခန်းစာတစ်ခုပါပဲ။ ယူရိုပါလိဂ်နဲ့ အထူးသဖြင့် ချန်ပီယံလိဂ်မှာ ကစားရတဲ့နှစ်တွေက အကောင်းဆုံးအချိန်တွေဆိုတာကို သိခွင့်ရတာပေါ့။ ဒီနှစ်မှာ ကျွန်တော်တို့ ပွဲပေါင်း ၄၀ လောက်ပဲ အများဆုံး ကစားရမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ ဖလားပြိုင်ပွဲတွေကနေ စောစောစီးစီး ထွက်ခဲ့ရလို့ပါ။ ဒါဟာ ယူနိုက်တက်လို အသင်းမျိုး ရှိသင့်တဲ့ နေရာမဟုတ်သလို ကစားသင့်တဲ့ ပြိုင်ပွဲတွေလည်း မဟုတ်ပါဘူး" လို့ ဒါလော့က ဆိုပါတယ်။
"ဒါကြောင့် လာမယ့်ရာသီမှာ ကျွန်တော်တို့ရဲ့ အဓိကပန်းတိုင်ဖြစ်တဲ့ ချန်ပီယံလိဂ်ကို ပြန်ဝင်နိုင်မယ်လို့ ကျွန်တော် တကယ်ယုံကြည်ပါတယ်။ အဲဒီလို ဝင်ခွင့်ရလာတဲ့အခါမှာလည်း ဒါကို အလွယ်ရတာပဲလို့ သဘောမထားဘဲ တန်ဖိုးထားရပါမယ်။ အသင်းကို အဲဒီနေရာဆီ ပြန်ရောက်အောင် ကျွန်တော်တို့ ပို့ဆောင်ပေးရမှာပါ" လို့ ၎င်းက ဆက်ပြောပါတယ်။
ကာရစ် လက်ထက်မှာ ရနိုင်တဲ့ ၂၁ မှတ်မှာ ၁၉ မှတ်အထိ ရယူထားနိုင်တဲ့ ယူနိုက်တက်ဟာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အခွင့်အရေးကောင်းတွေ ရှိနေပါတယ်။ ဒီရလဒ်တွေက ကာရစ်အတွက်လည်း အမြဲတမ်းနည်းပြ ဖြစ်လာဖို့ ကြိုးပမ်းမှုမှာ အများကြီး အထောက်အကူ ဖြစ်စေမှာပါ။