လေဗာကူဆင်ခံစစ်မှူးကွန်ဆာကို ယူရို ၈၀ သန်းဖြင့် ပြန်လည်ခေါ်ယူဖို့ လီဗာပူးအသင်းစဉ်းစားနေ
လီဗာပူးအသင်းက လေဗာကူဆင်နဲ့တစ်နှစ်တာပူးပေါင်းထားတဲ့ ကွန်ဆာကို ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ပြီးခဲ့တဲ့နွေရာသီကာလအတွင်း လီဗာပူးမှ ယူရို ၃၅ သန်းဖြင့် ပြောင်းရွှေ့သွားခဲ့တဲ့ ကွန်ဆာက လေဗာကူဆင်အသင်းမှာ ပွဲထွက်ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြသနေပါတယ်။
Sky Germany ရဲ့ ဖော်ပြချက်အရ လီဗာပူးအသင်းက အသက် ၂၃ နှစ်အရွယ်ဗဟိုနောက်ခံလူရဲ့ခြေစွမ်းတိုးတက်မှုကို အနီးကပ်စောင့်ကြည့်နေပြီး အသင်းရဲ့ခံစစ်ပိုင်းအားဖြည့်ဖို့အတွက် လာမယ့်နွေရာသီမှာ သူ့ကို ပြန်လည်ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် လီဗာပူးက ကွန်ဆာကိုရောင်းချချိန် ၂၀၂၆ ခုနှစ်၊ မေလအထိ အသက်ဝင်နေမယ့် ယူရိုသန်း ၈၀ တန်ပြန်လည်ဝယ်ယူခွင့်ကို ထည့်သွင်းချုပ်ဆိုခဲ့တယ်လို့လည်း ဒီသတင်းမှာ ဖော်ပြထားပါတယ်။
အင်္ဂလန်လက်ရွေးစင်ကစားသမားက လေဗာကူဆင်အတွက် ၃၂ ပွဲကစားပေးထားပြီး လေးဂိုး သွင်းယူထားပါတယ်။ သူက ဂျာမနီဆီမပြောင်းရွှေ့ခင် လီဗာပူးစီနီယာအသင်းအတွက် ၅၈ ပွဲအထိ ကစားပေးခဲ့ပါတယ်။