ဘန်လေနဲ့ပွဲစဉ်မှာ တိုက်စစ်ကစားသမားတွေ တာဝန်ခွဲဝေယူနိုင်ခဲ့လို့ ကျေနပ်မိကြောင်းပြောကြားလာတဲ့ မာရက်စ်ကာ
ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာက စနေနေ့ညက ဘန်လေကို ၀-၂ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အသင်းရဲ့တိုက်စစ်ကစားသမားတွေ တာဝန်ကိုယ်စီခွဲဝေယူနိုင်ခဲ့ကြလို့ သဘောကျကျေနပ်မိကြောင်း ပြောကြားလာခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ချဲလ်ဆီးအတွက်ဂိုးတွေကို တောင်ပံကစားသမား ပက်ဒရိုနက်တိုနဲ့ ကွင်းလယ်လူအန်ဇိုဖာနန်ဒက်ဇ်တို့ကသွင်းယူပေးခဲ့ကြတာဖြစ်ပြီး မာရက်စ်ကာအနေနဲ့ အခုလိုဂိုးသွင်းတာဝန်ကိုခွဲဝေယူနိုင်တဲ့အပေါ် ကျေနပ်နေတာဖြစ်ပါတယ်။
ယခုနိုင်ပွဲကြောင့်ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲအထိအနိုင်ရခဲ့တာဖြစ်သလို၊ ၂၀၂၂ ခုနှစ်၊ မတ်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လိဂ်မှာ ၃ ပွဲဆက် Clean Sheet ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ ဒုတိယနေရာသို့တက်လှမ်းလာနိုင်ခဲ့ပြီး ချန်ပီယံဆုကိုအနီးကပ်ဆုံးစိန်ခေါ်လာနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ပွဲအပြီးမှာ မာရက်စ်ကာက "ကျွန်တော်တို့ လေ့ကျင့်ရေးကွင်းမှာ ဂိုးသွင်းတဲ့ပုံစံတွေလေ့ကျင့်ထားပါတယ်။ တိုက်စစ်မှူးတစ်ဦးထဲက ဂိုး ၄၀ သွင်းတာထက် တိုက်စစ်မှာရှိတဲ့ကစားသမားတွေ ၁၀ ဂိုး၊ ၁၂ ဂိုးစီသွင်းတာမျိုးကို ကျွန်တော်ပိုသဘောကျပါတယ်။ ဂျေမီဂစ်တန်စ်လုပ်ပြခဲ့သလိုမျိုး၊ တောင်ပံကစားသမားတွေက ဂိုးသွင်းတာရော၊ ဂိုးဖန်တီးတာရောလုပ်နိုင်တယ်ဆိုတာ ကျွန်တော်တို့မြင်တွေ့ထားရပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဂစ်တန်စ်ဟာ ယခုပွဲစဉ်မှာ နက်တိုရဲ့သွင်းဂိုးအတွက် ခေါင်းတိုက်ဘောဖန်တီးပေးနိုင်ခဲ့တာဖြစ်ပြီး ချဲလ်ဆီးအတွက်ကစားခဲ့တဲ့ နောက်ဆုံး ၄ ပွဲမှာ ၄ ဂိုးအထိဖန်တီးနိုင်ခဲ့ပါတယ်။ ဒါ့အပြင်ဂစ်တန်စ်ဟာ ဒီရာသီမှာချဲလ်ဆီးအတွက် ဂိုးဖန်တီးမှုအများဆုံးပြုလုပ်ထားတဲ့ကစားသမားလည်းဖြစ်ပါတယ်။
နက်တိုကလည်း ချဲလ်ဆီးအတွက်ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာ ၃ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁ကြိမ်အထိပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ အခုလို နက်တိုရဲ့ခြေစွမ်းပြမှုကြောင့် ဘန်လေနဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့တဲ့ တိုက်စစ်မှူး လီယမ်ဒီလပ်အတွက်လည်း ဖိအားတွေလျော့ကျစေခဲ့ပြီး အင်္ဂလန်သားဟာ ဒဏ်ရာကြောင့် ရုန်းကန်နေရဆဲဖြစ်ပါတယ်။
ယခုပွဲစဉ်မှာ မာရက်စ်ကာဟာ ကွင်းလယ်လူ ကိုင်စီဒိုကို လူစာရင်းမှချန်လှပ်ခဲ့ပြီး အန်ဒရေးဆန်းတို့စ်က ပွဲချိန်ပြည့်အသုံးပြုခဲ့ပါတယ်။ အီတလီသားနည်းပြက "ကျွန်တော်တို့မဖြစ်မနေလုပ်ရမှာမို့ သူ့ကိုချန်လှပ်ခဲ့တာပါ။ နောက်တစ်ကြိမ်အဲဒီလိုလုပ်မှာမဟုတ်ပါဘူး။ ပုံမှန်ဆိုရင်တော့ ကိုင်စီဒိုပါရင် ဆန်းတို့စ်က တိုက်စစ်မှာ ပိုလိုက်ပါရပါတယ်။ ဒါပေမယ့် ဒီပွဲမှာတော့သူ ခံစစ်ကိုပဲအဓိက ကစားခဲ့တာပါ" လို့ပြောကြားခဲ့ပါတယ်။