ဘန်လေဆီ တရားဝင်ပူးပေါင်းလာတဲ့ ဝါရင့်တိုက်စစ်မှူး ဂျေမီဗာဒီ
လက်စတာစီးတီးဂန္တဝင် ဂျေမီဗာဒီက ဘန်လေအသင်းနဲ့အတူ အင်္ဂလန်ဘောလုံးလောကဆီ တရားဝင်ပြန်လည်ရောက်ရှိလာပါတယ်။
အသက် ၃၉ နှစ်အရွယ်ရှိကစားသမားက ယမန်နှစ်ဘောလုံးရာသီကို အီတာလျံကလပ်ခရီမိုနိစ်နဲ့အတူ ဖြတ်သန်းခဲ့ပါတယ်။ သူက စီးရီးအေ ၂၉ ပွဲကစားရာမှာ ခုနစ်ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှု နှစ်ကြိမ် ပြုလုပ်ပေးခဲ့ပေမဲ့ ခရီမိုနိစ်ရဲ့တန်းဆင်းဇုန်အန္တရာယ်ကိုတော့ မကယ်တင်နိုင်ခဲ့ပါဘူး။
ပြီးခဲ့တဲ့နွေရာသီကာလအစောပိုင်းမှာတင် ဗာဒီရဲ့တစ်နှစ်စာချုပ်သက်တမ်း ပြည့်မြောက်ခဲ့ပြီးနောက် ကစားသမားကိုယ်တိုင် အင်္ဂလန်ဘောလုံးလောကဆီ ပြန်လာကာ ၂၀၂၆-၂၀၂၇ ဘောလုံးရာသီကုန်အထိ သက်တမ်းရှိမယ့် စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
ကလပ်အသင်းဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် ဗာဒီက "အခုလို ဘန်လေအသင်းဆီ ရောက်ရှိလာခဲ့လို့ အလွန်ပျော်ရွှင်မိပါတယ်။
ဒီကလပ်အသင်းမှာ သင့်တင့်လျောက်ပတ်တဲ့ ဘောလုံးသမိုင်းကြောင်း ရှိသလို သူတို့နဲ့ သူတို့ရဲ့မြို့ကို ကိုယ်စားပြုတဲ့ အသင်းတစ်ခုအတွက် စိတ်အားထက်သန်တဲ့ မြို့ခံပရိသတ်တွေလည်း ရှိကြပါတယ်။
ကျွန်တော်ကတော့ ကွင်းတွင်းပါဝင်ကစားပြီး အသင်းကို လမ်းကြောင်းမှန်ဆီ ရောက်ရှိအောင် ကူညီပေးဖို့အတွက် မစောင့်ဆိုင်းနိုင်တော့ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။
ဘန်လေအသင်းက ချန်ပီယံရှစ်ရာသီအဖွင့်မှာတင် နှစ်ပွဲသရေ၊ သုံးပွဲရှုံးဆိုတဲ့ရလဒ်ပိုင်းနဲ့အတူ အမှတ်ပေးဇယားအောက်ခြေဆီ ရောက်ရှိနေပြီး စိတ်ပျက်စရာတွေနဲ့ ကြုံတွေ့နေရပါတယ်။