ဘာစီလိုနာကိုအနိုင်ရခဲ့တဲ့ပွဲစဉ်မှ ချဲလ်ဆီးရဲ့အကောင်းဆုံးကစားသမားက ကူကူရယ်လာဖြစ်တယ်လို့ ရွန်းနီချီးကျူး
မန်ချက်စတာယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီက ဘာစီလိုနာကို ၃-၀ နဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးရဲ့အကောင်းဆုံးကစားသမားက လာမိုင်းယာမယ်လ်ကို အပြည့်အဝထိန်းချုပ်နိုင်ခဲ့တဲ့ နောက်ခံလူ မာ့ခ်ကူကူရယ်လာဖြစ်တယ်လို့ ချီးကျူးပြောဆိုလာခဲ့ပါတယ်။
ကူကူရယ်လာဟာ ယခုပွဲစဉ်မှာ စပိန်လက်ရွေးစင်အသင်းဖော်ဖြစ်တဲ့ ဘာစီလိုနာကြယ်ပွင့် လာမိုင်းယာမယ်လ်ကို တစ်ဦးချင်းဖြတ်ကျော်မှုပြုလုပ်ခံခဲ့ရခြင်းမရှိဘဲ အကောင်းဆုံးထိန်းချုပ်ပြီး အခွင့်အရေးတွေ မဖန်တီးနိုင်အောင် တားဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းပွဲကစားချိန် မိနစ် ၈၀ မှာတော့ ယာမယ်လ်ဟာ လူစားလဲမှုပြုလုပ်ခဲ့ရပြီး လက်ကျန်မိနစ်တွေမှာ အသင်းရဲ့ရှုံးပွဲကို အရန်ခုံကနေ ထိုင်ကြည့်နေခဲ့ရတာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ ဘာစီလိုနာဟာ နောက်ခံလူ ရော်နယ်လ်အရူဂျို ပထမပိုင်းမှာတင် ၂ ဝါ ၁ နီနဲ့ထုတ်ပယ်ခံခဲ့ရတာကြောင့် ချဲလ်ဆီးအနေနဲ့ ကစားသမား ၁ ယောက်အသာနဲ့ အနိုင်ရလဒ်ကို သက်တောင့်သက်သာဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ ရွန်းနီက "ကူကူရယ်လာက ဒီပွဲမှာတကယ်ကောင်းခဲ့ပါတယ်။ ဒီစွမ်းဆောင်ရည်က ကျွန်တော်မမြင်ရတာကြာပြီဖြစ်တဲ့နောက်ခံလူတစ်ယောက်ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်လို့ထင်ပါတယ်။ ဒီည သူပြသခဲ့တဲ့စွမ်းဆောင်ရည်အရ သူကဘယ်လောက်အထိ ရင်ဆိုင်ရခက်ခဲတဲ့နောက်ခံလူလဲဆိုတာ မြင်သာစေခဲ့ပါတယ်" လို့ချီးကျူးပြောဆိုခဲ့ပါတယ်။
ကူကူရယ်လာကလည်း "ကျွန်တော်တို့ဒီပွဲကို ကောင်းကောင်းစတင်နိုင်ခဲ့ပြီး ပွဲအစကနေ အဆုံးအထိ အနိုင်ရလဒ်နဲ့ထိုက်တန်တဲ့စွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီပွဲမှာထိရောက်တဲ့ပေးပို့မှုတွေပြုလုပ်ဖို့နဲ့ ဘောလုံးမဆုံးရှုံးရဖို့ အဓိကအာရုံစိုက်ခဲ့ပါတယ်။ ကျွန်တော်တို့မှာ ကစားသမားကောင်းတွေရှိတော့ အခွင့်အရေးတွေကို ဂိုးအဖြစ်အသုံးချနိုင်ခဲ့ပါတယ်။"
"ဒီပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေက တကယ်ကိုရှင်းလင်းပြတ်သားခဲ့ပါတယ်။ အစီအစဉ်တွေကို ကောင်းကောင်းပုံဖော်နိုင်ခဲ့ပြီး ဒါက ကျွန်တော့်ရဲ့စွမ်းဆောင်ရည်သက်သက်ကြောင့်မဟုတ်ဘဲ အသင်းဖော်တွေရဲ့ ကူညီမှုတွေလည်းအများကြီးပါပါတယ်။ သူတို့က ကျွန်တော့်ကိုအမြဲတမ်းကူညီပေးနေကျပါ"
"ပုဂ္ဂိုလ်ရေးအရပြောရမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်အတွက် အရမ်းဂုဏ်ယူမိပါတယ်။ ဘောလုံးသမားတစ်ယောက်အနေနဲ့ ကျွန်တော်တို့မှာ အတက်အကျတွေရှိပေမယ့် အရေးကြီးဆုံးက တသမတ်တည်းဖြစ်နေဖို့ဆိုတာ နားလည်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာဟာ ယခုချဲလ်ဆီးနဲ့ပွဲစဉ်မတိုင်မီ ပြိုင်ပွဲစုံ ၅၃ ပွဲဆက်တိုက်ဂိုးသွင်းထားနိုင်ခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ အဆိုစံချိန်ကျိုးပြတ်သွားခဲ့ပြီလည်းဖြစ်ပါတယ်။ ဆက်လက်ပြီး စပိန်နောက်ခံလူက "ဒီနေ့မှာ ဂိုးမပေးခဲ့ရတာ အံ့ဩစရာပါပဲ။ လွန်ခဲ့တဲ့ပွဲတွေကတည်းက အသင်းရဲ့နောက်တန်းမှာ တိုးတက်မှုတွေရှိလာခဲ့ပါတယ်။ အဲဒီကနေယုံကြည်မှုရလာခဲ့ပြီး ဘာစီလိုနာကို ဂိုးမပေးခဲ့ရတာဖြစ်လို့ အခုပုံစံကို ဆက်လက်ထိန်းသိမ်းသွားနိုင်ဖို့လိုပါတယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။