မြောက်လန်ဒန်ဒါဘီရှုံးပွဲအတွက် တော့တင်ဟမ်ရဲ့ညံ့ဖျင်းတဲ့စွမ်းဆောင်ရည်ကို ဝေဖန်ပြစ်တင်လိုက်တဲ့ သောမတ်စ်ဖရန့်ခ်
တော့တင်ဟမ်နည်းပြသောမတ်စ်ဖရန့်ခ်က အာဆင်နယ်ကို ၄-၁ ဂိုးဖြင့်ရှုံးနိမ့်မှုဟာ မြောက်လန်ဒန်ဒါဘီပွဲစဉ်အတွက် သူ့ရဲ့အစီအမံတွေနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ အမ်းမရိတ်စ်ကွင်းအတွင်း အီဇီရဲ့ဟက်ထရစ်က တဖက်စောင်းနင်းရင်ဆိုင်နေရမှု ကို မီးမောင်းထိုးပြနေပြီး ပွဲချိန်တလျှောက်လုံးမှာလည်း ပြိုင်ဘက်ကိုစိန်ခေါ်နိုင်ဖို့ တော့တင်ဟမ်တို့ ရုန်းကန်ခဲ့ရပါတယ်။
သောမတ်စ်ဖရန့်ခ်ကတော့ အငြင်းပွားဖွယ်မရှိပွဲကြီးပွဲကောင်းမှာ အခုရာသီ၊ သူတို့အသင်းရဲ့ အဆိုးဝါးဆုံးစွမ်းဆောင်ရည်တွေအနက် တစ်ခုကို မြင်တွေ့ခဲ့ရတဲ့ နာကျင်စရာရှုံးနိမ့်မှုအတွက် တောင်းပန်ခဲ့ပါတယ်။ Sky Sports နဲ့တွေ့ဆုံချိန် ဖရန့်ခ်က “ ကျွန်တော့်အမြင်အရ အတော်လေးနာကျင်စရာကောင်းပါတယ်။ ကျွန်တော်ကတော့ ရှောင်လွှဲပြီးပြောနေမှာ မဟုတ်ပါဘူး။ အတော်လေးဆိုးရွားတဲ့စွမ်းဆောင်ရည် ဖြစ်ပါတယ်။ အခုပွဲစဉ်အတွက် ကျွန်တော်တို့ရဲ့ရည်မှန်းချက်နဲ့ လုံးဝကိုဆန့်ကျင်ဘက် ဖြစ်ခဲ့ပါတယ်။
ဒီစွမ်းဆောင်ရည်အတွက် ပရိသတ်တွေကိုပဲ တောင်းပန်ချင်ပါတယ်။ ဒီနေ့ပွဲစဉ်မှာ ကျွန်တော်တို့အသင်း အကောင်းဆုံးယှဉ်ပြိုင်ကစားနိုင်မယ်လို့ အပြည့်အဝယုံကြည်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မလုပ်နိုင်ခဲ့ပါဘူး။
ပြိုင်ဘက်ရဲ့အဝေးဘောပေးပို့မှုတွေမှာလည်း ကျွန်တော်တို့အတွက် လုံလောက်တဲ့ တစ်ဦးချင်းအနိုင်ယူမှုတွေ မရှိခဲ့ပါဘူး။ အဲ့ဒါကို ပြိုင်ဘက်ကစားသမားတစ်ဦးတည်းက ကျွန်တော်တို့ကစားသမားနှစ်ဦး၊ သုံးဦးလောက်ကို ကျော်ဖြတ်ပြသွားတဲ့ အာဆင်နယ်ရဲ့ ဒုတိယမြောက်ဂိုးနဲ့ တတိယမြောက်ဂိုးတွေမှာ သက်သေပြနိုင်ပါတယ်။
အရမ်းဆိုးရွားတဲ့စွမ်းဆောင်ရည်နဲ့အတူ ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီအသင်းရဲ့တိုက်ပွဲဝင်စိတ်နဲ့ စရိုက်လက္ခဏာတွေကို ကျွန်တော်မြင်ဖူးခဲ့ပေမယ့် ကျွန်တော်တို့အတွက် တစ်ဦးချင်းရင်ဆိုင်တိုက်ပွဲတွေမှာ လုံလုံလောက်လောက်အနိုင်မရရှိခဲ့ပါဘူး”လို့ ပြောပါတယ်။