ရုပ်မြင်သံကြားမှတဆင့် အာဆင်နယ်ကြယ်ပွင့်အီဇီဆီ တောင်းပန်စကားဆိုကာ ချီးကျူးဂုဏ်ပြုခဲ့တဲ့ ကာရေဂါ
အာဆင်နယ်ဆီပြောင်းရွှေ့လာပြီးနောက်ပိုင်း သူ့ရဲ့ထင်မြင်ယူချက်တွေ မှားယွင်းတယ်ဆိုတာကို အီဇီကိုယ်တိုင် သက်သေပြနိုင်ခဲ့တယ်လို့ လီဗာပူးနောက်ခံလူဟောင်းကာရေဂါက ဝန်ခံခဲ့ပါတယ်။ ဂန်းနားကြယ်ပွင့်က တနင်္ဂနွေညပိုင်း၊ တော့တင်ဟမ်ကို ၄-၁ ဂိုးဖြင့်အနိုင်ယူခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ သူ့ရဲ့စီနီယာကစားသမားဘဝသက်တမ်းတလျှောက် ပထမဆုံးဟက်ထရစ်ကို သွင်းယူနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီ၊ ခရစ္စတယ်ပဲလေ့စ်မှ အီဇီကို တော့တင်ဟမ်တို့ ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံးဖြစ်နေချိန် ခါးသီးပြိုင်ဘက်ကြီးရဲ့ဖြတ်လုမှုတစ်ခု ရှိလာခဲ့ပြီးနောက် အခုလိုဖြစ်ရပ် ထွက်ပေါ်လာခဲ့တာပါ။ သြဂုတ်လအတွင်း အာဆင်နယ်က အီဇီရဲ့လက်မှတ်ရရှိဖို့ အပိုထပ်ဆောင်းဆုကြေးအပါအဝင် ပေါင် ၆၇ ဒဿမ ၅ သန်းအထိ သုံးစွဲခဲ့ပါတယ်။
အခုအချိန်မှာတော့ အီဇီက အမ်းမရိတ်စ်ကွင်းဟက်ထရစ်နဲ့အတူ ကလပ်အသင်းသစ်အတွက် ပြိုင်ပွဲစုံ ၁၆ ပွဲကစား၊ ငါးဂိုးသွင်းယူကာ ဂိုးဖန်တီးမှုသုံးကြိမ် စွမ်းဆောင်ထားပါတယ်။ မြောက်လန်ဒန်ဒါဘီပွဲစဉ်အပြီးမှာတော့ ကာရေဂါက အသက်-၂၇ နှစ်အရွယ်ကစားသမားရဲ့စွမ်းဆောင်ရည်ကို အကဲဖြတ်ကာ Sky Sports တိုက်ရိုက်တင်ဆက်မှုမှတဆင့် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
ကာရေဂါက “ အရိုးသားဆုံးပြောရရင် အာဆင်နယ်ရဲ့ကစားသမားသစ်စုဆောင်းမှု ကို စောင့်ကြည့်ရင်း လီဗာပူးအကြောင်းပဲ ခေါင်းထဲရှိနေချိန် သူ့ကို ဂန်းနားတို့ ခေါ်ယူခဲ့တယ်လို့ ထင်ပါတယ်။ ယော်ကရက်စ်အပြင် ကစားသမားသစ်ခေါ်ယူမှုအများစုက အာဆင်နယ်ကို အမှန်တကယ်အားကောင်းစေဖို့ ရည်ရွယ်တယ်လို့ ယုံကြည်ခံစားမိခဲ့ပါတယ်။
ဒါကြောင့် ယမန်နှစ်ဘောလုံးရာသီမှာ အာဆင်နယ်ရဲ့ပြဿနာဖြစ်ခဲ့တဲ့ ဆာကာမကစားနိုင်တဲ့ အခိုက်အတန့်တွေအတွက် မာဒူကီကို ခေါ်ယူခဲ့ပါတယ်။ အိုဒီဂတ်မကစားနိုင်ချိန်အတွက် အီဇီကို ဝယ်ယူခဲ့ပါတယ်။ ဗဟိုနောက်ခံလူတစ်ဦးမရှိဘူးဆိုရင် နောက်ထပ်ဗဟိုခံစစ်အတွဲတစ်ခုကို သူတို့ ဖန်တီးခဲ့ပါတယ်။ တကယ်တော့ အသင်းမှာ ပါဝင်ဖို့ထိုက်တန်တယ်လို့ ကျွန်တော်ခံစားရတာ ယော်ကရက်စ်တစ်ဦးပဲ ရှိပါတယ်။ ဒါတောင် ပွင့်ပွင့်လင်းလင်းပြောရရင် ဟာဗက်ဇ်သာ ကြံ့ခိုင်မှုပြည့်ဝနေရင် ဟာဗက်ဇ်ကိုပဲ အာဆင်နယ်ရဲ့တိုက်စစ်မြှားဦးမှာမြင်တွေ့ရမယ်လို့ ယူဆခဲ့ပါတယ်။
ဒါကြောင့် အီဇီရောက်ရှိလာချိန်မှာ သူ့ကို ပွဲအဖြေပြောင်းလဲပေးနိုင်မယ့်ကစားသမား မဟုတ်ဘူးလို့ တွေးမိခဲ့ပါတယ်။ လက်စ်ဖာဒီနန်ကတော့ အီဇီရဲ့အကြောင်းကို ကျွန်တော့်ထက် ပိုသိပါတယ်။ ပြီးတော့ အဲ့ဒီအစီအစဉ်မှာပဲ လက်စ်ဖာဒီနန်က နောက်ထပ်လာမယ့်အကြောင်းအရာတွေ အများကြီးရှိသေးတယ်လို့ ပြောနေခဲ့ပါတယ်။
ဒါပေမဲ့အခုအချိန်မှာတော့ အီဇီရဲ့အထူးခြားဆုံးစွမ်းဆောင်ရည်တွေကို ကျွန်တော်တို့ မြင်တွေ့နေရပါတယ်။ အဲ့ဒီမှာ ကောင်းမွန်တဲ့သွင်းဂိုးတွေလည်း အနည်းငယ်ပါဝင်ပါတယ်။ ပြီးတော့ အီဇီက ဟက်ထရစ်ပါ သွင်းပြခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော် တောင်းပန်ပါတယ်။ ဒီခေါ်ယူမှုရဲ့အရေးပါပုံကို သေချာပေါက်လျှော့တွက်မိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုအချိန်မှာ အီဇီက အာဆင်နယ်အတွက် ခြားနားချက်တစ်ခုကို ဖန်တီးပေးနိုင်ပြီး အမှတ်ပေးချန်ပီယံဆုဆီ ခရီးဆက်ဖို့ ကူညီပေးနိုင်မယ့်ပုံစံပေါ်ပေါက်နေလို့ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
မြောက်လန်ဒန်ဒါဘီနိုင်ပွဲအပြီး အာဆင်နယ်က အနီးဆုံးပြိုင်ဘက်ဖြစ်လာတဲ့ ချဲလ်ဆီးကို ခြောက်မှတ်ဖြတ်ကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်မှာ ပြတ်ပြတ်သားသားဦးဆောင်နေပါတယ်။