ဘဝရဲ့အကောင်းဆုံးနေ့ရက်တစ်ခုပဲလို့ ဖွင့်ဟပြောဆိုခဲ့တဲ့ ဟက်ထရစ်ရှင်အီဇီ
အာဆင်နယ်သမိုင်းတလျှောက် သမိုင်းမှတ်တိုင်သစ်တစ်ခု စိုက်ထူပြီးနောက် အီဇီက အခုသီတင်းပတ်၊ တနင်္ဂနွေနေ့ကို ဘဝရဲ့အထူးခြားဆုံးနေ့ရက်တွေအနက် တစ်ခုဖြစ်တယ်လို့ အတိအလင်းပြောဆိုခဲ့ပါတယ်။ အမ်းမရိတ်စ်ကွင်းမှာ တော့တင်ဟမ်ကို ၄-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ဟက်ထရစ်သွင်းယူနိုင်တဲ့ အီဇီက မြောက်လန်ဒန်ဒါဘီသမိုင်းတလျှောက် ဟက်ထရစ်သွင်းယူနိုင်တဲ့ စတုတ္ထမြောက်ကစားသမား ဖြစ်လာခဲ့ပါတယ်။
အီဇီရဲ့ဟက်ထရစ်က နိုဝင်ဘာနိုင်ငံတကာသီတင်းပတ်မတိုင်ခင် ဆန်းဒါလန်းနဲ့ပွဲစဉ်မှာ နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ ဂန်းနားတွေအတွက် လမ်းကြောင်းမှန်ဆီပြန်လည်ချဉ်းကပ်ဖို့ ကူညီပေးခဲ့သလို အမှတ်ပေးဇယားထိပ်ဆုံးမှာ ခြောက်မှတ်ဖြတ်ဦးဆောင်နိုင်အောင်လည်း စွမ်းဆောင်ပေးခဲ့ပါတယ်။ ပျော်ရွှင်ဖွယ်အမ်းမရိတ်စ်ကွင်းပွဲစဉ်အပြီး အီဇီက “ ရူးသွပ်ချင်စရာပါ။ ကျွန်တော့်နဲ့ ကျွန်တော့်မိသားစုအတွက် အထူးခြားဆုံးနေ့ရက်တစ်ခု ဖြစ်ပါတယ်။ အသင်းကိုလည်း အနိုင်ရရှိအောင် ကူညီပေးနိုင်လို့ ဝမ်းသာမိပါတယ်။
အရမ်းကိုထူးခြားလွန်းလို့ ဘုရားသခင်ကိုပဲ ကျေးဇူးတင်ရပါလိမ့်မယ်။ ဒီကလပ်အသင်းမှာရှိနေပြီး နေ့စဉ်နေ့တိုင်း အလုပ်တွေ ကြိုးစားအားထုတ်ခွင့်ရရှိနေတာ ကျွန်တော့်အတွက်တော့ ထူးရှယ်ဖြစ်လွန်းပါတယ်။ ဒီကွင်းဆီ သူတို့တွေ ဘယ်လိုအစီအစဉ်တွေနဲ့ပဲ ရောက်ရှိလာပါစေ၊ ကျွန်တော်တို့လည်း အကောင်းဆုံးပြင်ဆင်ထားခဲ့ပြီး ဒီအတွက် ကောင်လေးတွေကို အသိအမှတ်ပြုသွားရပါမယ်။ အသင်းတစ်ခုလုံးရဲ့ကောင်းမွန်တဲ့စွမ်းဆောင်ရည်နဲ့အတူ ကောင်းမွန်တဲ့နေ့ရက်တစ်ခု ဖြစ်ပါတယ်”လို့ ပြောပါတယ်။
အခုပွဲစဉ်ရဲ့ဒုတိယပိုင်းစတင်လာချိန်မှာပဲ ထရိုဆက်ဒ်၊ အီဇီတို့ရဲ့သွင်းဂိုးတွေနဲ့အတူ အာဆင်နယ်က သုံးဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပါတယ်။ အီဇီက သူ့ရဲ့ဒုတိယမြောက်ဂိုးကို ဒုတိယပိုင်းပွဲချိန်စတင်ပြီး ၄၅ စက္ကန့်မှာပဲ သွင်းယူခဲ့တာပါ။ အီဇီက “ ဟုတ်ပါတယ်၊ အဲ့ဒီအချိန်အခိုက်အတန့်မျိုးမှာ ဂိုးသွင်းယူနိုင်တာ ပြီးပြည့်စုံလွန်းပါတယ်။ ပြိုင်ဘက်ကလည်း သူတို့ရဲ့ကစားပွဲကို ပြောင်းပြန်လှန်ကာ ပိုပြီးအင်တိုက်အားတိုက်ကစားလာတော့မှာဖြစ်လို့ ကျွန်တော်တို့အသင်း ဂိုးတွေထပ်သွင်းထားရမယ်ဆိုတာကို သိရှိထားခဲ့ပါတယ်။
သွင်းဂိုးက အချိန်ကိုက်ထွက်ပေါ်လာတယ်ဆိုပေမယ့် ပြိုင်ဘက်မှာလည်း တိုက်စစ်လက်နက်ကောင်းတွေရှိလို့ သူတို့ကိုတားဆီးနိုင်ဖို့ ကြိုးစားအားထုတ်မှုတွေ အများကြီးလိုအပ်ခဲ့ပါတယ်။ ပြောခဲ့သလိုပါပဲ၊ အရမ်းကောင်းမွန်တဲ့ သုံးမှတ်ဖြစ်ပါတယ်”လို့ ဆိုပါတယ်။ တော့တင်ဟမ်အတွက် ရစ်ချာလီဆန်က ဗွေဆော်ဦးချေပဂိုးသွင်းယူပြီးနောက် ပွဲချိန်နှောင်းပိုင်းရောက်ရှိလာချိန် အီဇီက သူ့ရဲ့ဟက်ထရစ်သွင်းဂိုးကို ရယူခဲ့ပါတယ်။
အီဇီက “ အရိုးသားဆုံးပြောရရင် ကျွန်တော် လေးဂိုးလောက်သွင်းယူခဲ့သင့်တယ်လို့ ထင်ပါတယ်။ ကျွန်တော်က မဆုတ်မနစ်အားထုတ်မှုနဲ့အတူ အခွင့်အရေးတွေကို အသုံးချကာ ဂိုးတွေသွင်းယူနိုင်ဖို့ ကြိုးစားနေပါတယ်။ ဒါကြောင့် အခုလိုမျိုးဂိုးတွေ မသွင်းယူနိုင်ဘူးဆိုရင် ကျွန်တော် အနည်းငယ်စိတ်ပျက်မိပါတယ်။ ဒါပေမဲ့ ဒီလိုကိစ္စတွေက ကစားပွဲရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
အကောင်းဆုံးရလဒ်တစ်ခုထွက်ပေါ်လာဖို့ ကျွန်တော်တို့တွေ ကိုယ့်ကိုယ်ကိုယ်အာရုံစိုက်ပြီး နေ့စဉ်နေ့တိုင်း အလုပ်တွေ ကြိုးစားခဲ့ပါတယ်။ ဒီအတိုင်းပဲ ယုံကြည်ချက်ရှိရှိ ဆက်လက်တွန်းအားပေးရင်း ဆက်ကြိုးစားသွားရပါမယ်။ ပြီးရင်တော့ ကျွန်တော်တို့တွေ ဘယ်နေရာမှာရှိမလဲဆိုတာ စောင့်ကြည့်သွားရပါမယ်”လို့ ပြောပါတယ်။