The network connection is lost.

Banner Image

ပီအက်စ်ဂျီနဲ့ပွဲက တော့တင်ဟမ်ပြန်လာနိုင်ဖို့အတွက် ကောင်းမွန်တဲ့စိန်ခေါ်မှုဖြစ်တယ်လို့ဆိုလာတဲ့ ဖရန့်ခ်

တော့တင်ဟမ်နည်းပြ သောမတ်စ်ဖရန့်ခ်က ပီအက်စ်ဂျီနဲ့ ထိပ်တိုက်တွေ့ဆုံသွားမယ့် ချန်ပီယံလိဂ်ပွဲစဉ်ဟာ တနင်္ဂနွေနေ့က အာဆင်နယ်ကို ၄-၁ နဲ့ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ရှုံးနိမ့်မှု ကို ချေဖျက်နိုင်ဖို့အတွက် ကောင်းမွန်တဲ့စိန်ခေါ်မှုဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။ 

ပီအက်စ်ဂျီနဲ့ယှဉ်ပြိုင်သွားရမယ့်ပွဲစဉ်မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဖရန်ခ့်က "ကျွန်တော် အိမ်ပြန်ရောက်တော့အာဆင်နယ်နဲ့ပွဲကို ပြန်ကြည့်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်က အတော်လေးဆိုးရွားခဲ့တာပါ။ ကျွန်တော်တို့မှာ ကြိုတင်ပြင်ဆင်မှုတွေအများကြီးရှိခဲ့ပေမယ့် အဲဒီနေ့မှာတော့ အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။ စိတ်ပျက်စရာအကောင်းဆုံးကတော့ ကျွန်တော်တို့ အာဆင်နယ်ကို ယှဉ်မကစားနိုင်ခဲ့တာပါပဲ"

"အခုဆိုရင် ကျွန်တော်တို့က ဥရောပရဲ့အကောင်းဆုံးအသင်းတွေထဲကတစ်သင်းကို အဝေးကွင်းမှာသွားကစားရမှာပါ။ ဒီပွဲက ကျွန်တော်တို့အတွက် ၁၀၀ ရာခိုင်နှုန်းစိတ်အပြည့်ထည့်ပြီးယှဉ်ပြိုင်သွားရမယ့် စိန်ခေါ်မှုတစ်ခုပါ။ ခြေစွမ်းကောင်းတွေနဲ့ ပြန်လာနိုင်မယ်လို့ယုံကြည်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ်လ ယူအီးအက်ဖ်အေစူပါဖလားပွဲစဉ်မှာ ပီအက်စ်ဂျီကို ပင်နယ်တီအဆုံးအဖြစ်နဲ့ရှုံးနိမ့်ပြီး ဆုဖလားကိုလက်လွှတ်ခဲ့ရတဲ့ တော့တင်ဟမ်ဟာ လက်ရှိရာသီ ချန်ပီယံလိဂ်မှာ ရှုံးပွဲမရှိသေးဘဲ ၂ ပွဲနိုင် ၂ ပွဲသရေရလဒ်ကို ပုံဖော်ထားနိုင်ပါတယ်။  သို့သော်လည်း တော့တင်ဟမ်ဟာ လက်ရှိအချိန်မှာပြိုင်ပွဲစုံ နိုင်ပွဲရဖို့ရုန်းကန်နေရပြီး စက်တင်ဘာလနှောင်ပိုင်း ၁၁ ပွဲကစားထားချိန်မှာ ၃ ပွဲသာအနိုင်ရထားတာဖြစ်ပါတယ်။ တော့တင်ဟမ်နည်းပြအဖြစ် စတင်တာဝန်ယူချိန်မှာ ဖရန့်ခ်က "ကျွန်တော်ဒီအလုပ်ကိုလက်ခံခဲ့တာက ဒီအသင်းမှာနေပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်ချင်လို့ပါ" လို့ပြောကြားထားခဲ့ဖူးပါတယ်။ 

ယခုအခါ လန်ဒန်ဒါဘီမှာ အာဆင်နယ်ကို ဂိုးပြတ်အရေးနိမ့်ပြီးနောက်မှာတော့ ဒိန်းမတ်လူမျိုးနည်ပြက "အာဆင်နယ်ကိုသာအနိုင်ရခဲ့ရင်တော့ တော့တင်ဟမ်မှာနေရတာ ပိုပျော်စရာကောင်းမှာပါ။ ဒါပေမယ့် ရှုံးနိမ့်မှုတွေကို ပြန်လည်စီစစ်ပြီး အနိုင်ရမယ့်လမ်းကြောင်းပေါ်ပြန်တက်ဖို့ကလည်း ဒီအလုပ်ရဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ ကျွန်တော်က အသင်းတစ်သင်းကိုဘယ်လိုတည်ဆောက်ရမလဲဆိုတာ ကောင်းကောင်းသိပါတယ်။ အရေးကြီးအချက်ကတော့ဆိုးရွားတဲ့အခြေအနေတွေကနေ သင်ယူနိုင်ဖို့ပါပဲ" လို့ပြောကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ပီအက်စ်ဂျီမှ တော့တင်ဟမ်သို့ အငှားစာချုပ်နဲ့လာရောက်ကစားနေတဲ့ တိုက်စစ်မှူး ရန်ဒယ်ကိုလိုမူအာနီကလည်း မိခင်ကလပ်ကို ပြိုင်ဘက်အဖြစ် ပြန်လည်ရင်ဆိုင်သွားရမှာဖြစ်ပြီး ပထမဆုံးအကြိမ် သွင်းဂိုးရရှိအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 

မူအာနီနဲ့ပတ်သက်ပြီး ဖရန့်ခ်က "မူအာနီက တော့တင်ဟမ်ကိုပြောင်းလာရလို့အရမ်းပျော်နေပြီး ကျွန်တော်တို့ကလည်း သူ့ကိုရလိုက်လို့ ဝမ်းသာပါတယ်။ ဒါပေမယ့် သူကဒဏ်ရာပြဿနာနဲ့ ရုန်းကန်နေခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ သူ့ဆီကနေ ခြေစွမ်းကောင်းတွေမြင်တွေ့ရမယ်လို့ယုံကြည်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။