The network connection is lost.

Banner Image

ချဲလ်ဆီးနဲ့ပွဲမှာ အနီကတ်ပြသခံခဲ့ရတဲ့ အရူဂျိူကို ဟန်ဆီဖလစ် ဝေဖန်

ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်က ချဲလ်ဆီးကို ၃-၀ နဲ့ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပထမပိုင်းအတွင်း ၂ ဝါ ၁ နီနဲ့ထုတ်ပယ်ခံခဲ့ရတဲ့ အသင်းရဲ့နောက်ခံလူ ရော်နယ်လ်အရူဂျိုကို ဝေဖန်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။ အရူဂျိုဟာ ပထမပိုင်းပြီးကာနီးမှာပဲ အနီကတ်ပြထုတ်ပယ်ခံခဲ့ရတာကြောင့် ဘာစီလိုနာဟာ လက်ကျန်ပွဲချိန်တွေကို ကစားသမား ၁၀ ယောက်တည်းနဲ့ကစားခဲ့ရပြီး နောက်ခံလူ ဂျူးလက်စ်ကွန်ဒီရဲ့ OG အက်စ်တီဗအို၊ လီယမ်ဒီလပ်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ အင်္ဂလန်မြေမှာ ရှုံးပွဲကြုံတွေခဲ့ရတာဖြစ်ပါတယ်။ 

ပွဲအပြီးမှာ ဟန်ဆီဖလစ်က "ကျွန်တော်တို့ ဒီပွဲကိုကောင်းကောင်းစတင်နိုင်ခဲ့ပြီး ဂိုးအရင်သွင်းနိုင်ဖို့လည်း အခွင့်အရေးကောင်းတွေရခဲ့ပါတယ်။ ဒါပေမယ့် အနီကတ်ပြခံလိုက်ရတော့ ပွဲရဲ့အဖြေကပြောင်းလဲသွားခဲ့ပါတယ်။ ချဲလ်ဆီးလိုအသင်းမျိုးကို ကစားသမား ၁၀ ယောက်တည်းနဲ့ကစားပြီး ပြန်လာနိုင်ဖို့ အရမ်းခက်ပါတယ်။ ဒီရှုံးပွဲကို လက်ခံရပါမယ်"
"ကစားသမားတစ်ယောက်လျော့သွားတာက အများကြီးသက်ရောက်မှုရှိပါတယ်။ ပြီးတော့ ချဲလ်ဆီးက ဘောလုံးကိုင်ထားရင် အရမ်းကောင်းတဲ့အသင်းပါ။ ကျွန်တော်တို့ အပြုသဘောဆောင်တဲ့အချက်တွေကို စဉ်းစားဖို့လိုပါတယ်။ ဥပမာ ရာဖင်ဟာပြန်ကစားနိုင်တာမျိုး၊ ရက်ရှ်ဖို့ဒ်ခြေစွမ်းပြနေတာမျိုးပေါ့။ ဒီရှုံးပွဲအတွက်ကျွန်တော်တို့မှာ ရွေးချယ်စရာမရှိပေမယ့် အပြုသဘောဆောင်တဲ့အရာတွေကိုပဲ စဉ်းစားနေရပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

အရူဂျိုရဲ့ အနီကတ်ပြစ်ဒဏ်နဲ့ပတ်သက်ပြီးတော့လည်း ဂျာမန်သားနည်းပြက "ပထမပြခံခဲ့ရတဲ့ အဝါကတ်နဲ့ပတ်သက်ပြီး ဘာဖြစ်ခဲ့သလဲဆိုတာ‌တောင် ကျွန်တော်မသိခဲ့ပါဘူး။ ကျွန်တော် အရူဂျိုနဲ့စကားပြောပြီး ပွဲကို ပြန်ကြည့်ပါမယ်။ ဒုတိယပြစ်ဒဏ်ဘောကတော့ သူ့ရဲ့အမှားပါ။ ဒီလိုပြစ်ဒဏ်ကျူးလွန်မှုမျိုး လုပ်လို့မရပါဘူး။ ဒါပေမယ့် ဒါက ဘောလုံးမှာဖြစ်နေကျပါ" လို့ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးကို ဂိုးပြတ်အရေးနိမ့်ခဲ့ပေမယ့် ဖလစ်က အသင်းဟာ လာမယ့်ပွဲစဉ်တွေမှာ တိုးတက်မှုတွေပြသသွားနိုင်မယ်လို့ယုံကြည်ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။ သူက "လာမယ့်ပွဲစဉ်တွေမှာ မတူညီတဲ့ဘာစီလိုနာကို ပြန်မြင်တွေ့ရပါလိမ့်မယ်။ ဒါကို ကျွန်တော်ကတိပေးပါတယ်။ ကျွန်တော်တို့ရဲ့လေ့ကျင့်မှုတွေနဲ့ ကြိုးစားမှုတွေရဲ့ရလဒ်ကို မကြာခင်မှာအသုံးချနိုင်မှာပါ" လို့ပြောကြားခဲ့ပါတယ်။