ဘန်လေနဲ့ပွဲမှာ တစ်ကိုယ်ကောင်းဆန်ခဲ့တဲ့ လီယမ်ဒီလပ်ကို အိုဝင် ဝေဖန်
အင်္ဂလန်နဲ့ လီဗာပူးတိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က စနေနေ့က ဘန်လေကို ၀-၂ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ တစ်ကိုယ်ကောင်းဆန်ခဲ့သလို၊ ခြေစွမ်းပြသဖို့လည်း ရုန်းကန်ခဲ့ရတဲ့ ချဲလ်ဆီးတိုက်စစ်မှူး လီယမ်ဒီလပ်ကို ဝေဖန်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာ ချဲလ်ဆီးအနေနဲ့ ၀-၂ ဆိုတဲ့ရလဒ်ကို ပုံဖော်နိုင်ခဲ့ပြီး တစ်သင်းလုံးအနေနဲ့ စွမ်းဆောင်ရည်ကောင်းခဲ့ပေမယ့် တိုက်စစ်ပိုင်းမှာတော့ အချိတ်အဆက်မိဖို့ အတော်လေးရုန်းကန်ခဲ့ပါတယ်။ ချဲလ်ဆီးနောက်ခံလူဟောင်း ဂျွန်တယ်ရီကိုယ်တိုင်က အဆိုပါပွဲစဉ်မှာ အသင်းအနေနဲ့ နိုင်ပွဲရဖို့ ခက်ခက်ခဲခဲရုန်းကန်ခဲ့ရကြောင်းနဲ့ တိုက်စစ်ပိုင်းမှာ စိုးရိမ်စရာတွေမြင်တွေ့ခဲ့ရကြောင်း ဝန်ခံပြောကြားထားပါတယ်။
ဘန်လေနဲ့ပွဲစဉ်မှာ ချဲလ်ဆီးအတွက် အထူးခြေစွမ်းပြသခဲ့သူက ကွင်းလယ်လူ အန်ဒရေဆန်းတို့စ်ဖြစ်ပြီး ကစားသမားဟာ အသင်းဖော် ပက်ဒရိုနက်တိုရဲ့ဦးဆောင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်းအခြားတိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဒီလပ်နဲ့ ဂျာအိုပက်ဒရိုတို့ကတော့ တွဲဖက်ကစားဖို့ ရုန်းကန်ခဲ့ရပြီး ခြေစွမ်းပြသနိုင်ခဲ့ခြင်းမရှိပါဘူး။
ယခုအခါမှာ မိုက်ကယ်အိုဝင်ကလည်း ချဲလ်ဆီးရဲ့တိုက်စစ်ဆင်မှုတွေထဲမှ ဒီလပ်ရဲ့တစ်ကိုယ်ကောင်းဆန်မှုကို ဝေဖန်လာခဲ့ပါတယ်။ ဒီလပ်အနေနဲ့ တိုက်စစ်မှာ ဘောလုံးကိုလွတ်လွတ်ကျွတ်ကျွတ်ဆွဲယူပြီး အသင်းဖော်နက်တိုအတွက် ဖန်တီးမှုပြုလုပ်ဖို့အခွင့်အရေးရခဲ့ပေမယ့် အဝေးကနေ ဂိုးပေါက်ထဲသို့လှမ်ကန်ခဲ့လို့ ချဲလ်ဆီးအတွက် အခွင့်အရေးကောင်းနဲ့လွဲချော်စေခဲ့ပါတယ်။
အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး အိုဝင်က "တိုက်စစ်ကဂိုးရဖို့ သေချာသလောက်ဖြစ်နေချိန်မှာ ဒီလပ်အနေနဲ့ တစ်ကိုယ်ကောင်းမဆန်ဘဲ ကစားသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒီပွဲမှာ သူ့အနေနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ်လောက်အထိရခဲ့သင့်ပါတယ်။ သူ့အနေနဲ့ ပထမတစ်ကြိမ်မှာ နက်တိုဆီဘောလုံးပေးပို့ပြီး ဘန်လေနောက်တန်းတစ်ယောက်ကို ဆွဲခေါ်သွားနိုင်မယ်ဆိုရင် နက်တိုအနေနဲ့ ဂိုးသမားနဲ့ တစ်ဦးချင်းတွေ့နိုင်တဲ့အနေအထားပါ။ တစ်ယောက်တည်းဂိုးသွင်းမယ်လို့ တစ်ကိုယ်ကောင်းဆန်နေမယ့်အစား ဒီလို ဖန်တီးမှုမျိုးကို လုပ်ကိုလုပ်သင့်တာပါ။ ဒါပေမယ့် သူ ၂၅ ကိုက်လောက်အကွာကနေ လှမ်းကန်ခဲ့ပြီး ဘောလုံးဖြုန်းခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။